ရခိုင်ပြည်နယ် မောင်တောမြို့၌ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးအတွက် တောင်သူများအား  ပညာပေးသင်တန်းနှင့် မျိုးစေ့များပေးအပ်

မောင်တော အောက်တိုဘာ ၂၇

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ စိုက်ပျိုးရေးဦးစီးဌာနမှ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးအတွက် တောင်သူများအား ပညာပေးသင်တန်းပို့ချခြင်းနှင့် မျိုးစေ့များပေးအပ်ခြင်းကို ယနေ့ နံနက် ၉ နာရီအချိန်  (၄)မိုင်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ပြုလုပ်ခဲ့ကြသည်။ 

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံထွန်းအောင်က လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးအတွက် တောင်သူများအား ပညာပေးသင်တန်းပို့ချပေးခြင်းအားဖြင့်  မျိုးကောင်း မျိုးသန့် ကောင်းမွန်စေရေး၊ သီးနှံများ ပိုမိုအထွက်နှုန်းတိုးအောင်  စိုက်ပျိုးစေလိုကြောင်း၊  တောင်သူများ အကျိုးဖြစ်ထွန်းစေရေးအတွက်  နည်းပညာများအား အသုံးချတတ်စေရေး ၊ စိုက်ပျိုးရေး အသိပညာ ဗဟုသုတများ  လေ့လာကြရန် လိုအပ်ကြောင်း၊ တောင်သူများအနေဖြင့် မိမိတို့ အိမ်ခြံဝင်းအတွင်း တစ်ပိုင်တစ်နိုင် သီးနှံများစိုက်ပျိုးခြင်းအားဖြင့် မိမိတို့မိသားစု တစ်ဘက်တစ်လမ်းမှ ဝင်ငွေတိုးပွားရရှိအောင် ဆောင်ရွက်ကြရန်လိုအပ်ကြောင်းစသည့်တို့ကို မှာကြားခဲ့ပြီး မြို့နယ်စိုက်ပျိုးရေး ဦးစီးမှူး ဦးခိုင်ထွန်းမောင်က  မျိုးကောင်း၊ မျိုးသန့် ၊ မျိုးစေ့ များအား စနစ်တကျ အသုံးပြုကြစေရေး၊  မိမိတို့ စိုက်ခင်းများတွင် မလိုအပ်ဘဲ ပိုးသတ်ဆေးများ မဖြန်းကြစေရန်နှင့်  ပိုးကျလျှင်လည်း သတ်မှတ်ထားသော ပမာဏအတိုင်း ဖြန်းစေလိုကြောင်း၊  သင်တန်းမှ ပို့ချပေးမည့် ဘာသာရပ်များကိုလည်း စနစ်တကျလေ့လာ သင်ယူမှတ်သားကြရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။ ထို့‌နောက်  ဒေသဖွံ့ဖြိုးရေးစစ်ကြောင်း  ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးခင်မောင်ဦးက မိမိတို့ဌာနအနေဖြင့် ကျေးရွာများဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်းတံတားများ၊ ကျေးရွာချင်းဆက်လမ်းများ၊ ရာသီမရွေး သွားလာနိုင်ရေးအတွက် ဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းပြောကြားပြီး  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက  မျိုးစေ့(၄)မျိုးအား တောင်သူများလက်ဝယ်သို့ အသီးသီး ထောက်ပံ့ပေးခဲ့ကြသည်။ အဆိုပါ သင်တန်းကို နည်းပြ ၃ ဦးမှ သင်ကြားပို့ချပေးလျက်ရှိပြီး ကျေးရွာများမှ တောင်သူ (၄၆) ဦး တက်ရောက်လျက်ရှိရာ  သင်တန်းကာလမှာ ၁ ရက်ဖြစ်ကြောင်း၊ တောင်သူ ၁ ဦးအား မျိုးစေ့ ၁ မျိုးလျှင် 1 Kg ထောက်ပံ့ပေးအပ်မည်ဖြစ်ကြောင်း သိရသည်။

သက်လွင်စိုး(ခရိုင်ပြန်/ဆက်)