ဒဂုံ အောက်တိုဘာ ၂၇
ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျောင်းသား/သူများ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်နှင့် အသိပညာဗဟုသုတများတိုးပွားစေရန်စာဖတ်ရှိန် မြှင့်တင်ရေးအတွက် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယမန်နေ့နံနက်(၁၀)နာရီက ဒဂုံမြို့နယ် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မေသန္တာက ကျောင်းသား/သူများကို လူကုန်ကူးမှုအကြောင်း သိကောင်းစရာများ၊ စာကြည့်တိုက်၏အသုံးဝင်ပုံများ အကျိုးကျေးဇူးများကို အသိပညာပေးဟောပြောခဲ့သည်။ ထို့နောက် ပြန်/ဆက်ဦးစီးဌာနက ပြသထားသော မျောက်ကျောက်အကြောင်း သိကောင်းစရာများ၊ ကိုဗစ်-၁၉ရောဂါအကြောင်း အသိပညာပေး နံရံကပ်စာစောင်များနှင့် စာအုပ်စာစောင်များကို ကျောင်းသား/ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည်ရှုခဲ့ကြကြောင်း သတင်းရရှိပါ သည်။
ကြည်ဇေသော်