ပုဇွန်တောင်မြို့နယ်ရှိ ဈေးများနှင့် လမ်း ၅၀ မှတ်တိုင်တို့တွင် ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန် Mask Campaign ဆောင်ရွက်

ပုဇွန်တောင် အောက်တိုဘာ ၂၇

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ်တွင် ပြည်သူများ ကိုဗစ်-၁၉ အိုမီခရွန်မျိုးရိုးဗီဇပြောင်း BA-5 ရောဂါ ကူးစက်ဖြစ်ပွားမှုမရှိလာစေရေးအတွက်ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန် မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး၏လမ်းညွှန်မှုဖြင့်လက်ထောက်အုပ်ချုပ်ရေးမှူး ဦးဆောင်သည့်ဝန်ထမ်းများသည် ယမန်နေ့နံနက်ပိုင်းက လူစည်ကားရာနေရာများဖြစ်သော မြို့နယ်အတွင်းရှိ ဈေးများနှင့် လမ်း ၅၀ မှတ်တိုင်တို့တွင် ပြည်သူများအား Mask Campaign အသိပညာပေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ Mask Campaign ဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာ လက်ထောက်အုပ်ချုပ်ရေးမှူး ဦးဆောင်သည့် ဝန်ထမ်းများက လူစည်ကားရာနေရာများဖြစ်သော ကွက်သစ်လမ်း၊ အိမ်ကြီးလမ်း၊ ပုဇွန်တောင်စျေးနှင့်ရေကျော်စျေးတို့တွင် ဈေးသည်များနှင့်ဈေးဝယ်များအား ကိုဗစ် ၁၉ ရောဂါ ပြန်လည်ဖြစ်ပွားနေသည့်အတွက် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွန်ချက်အတိုင်း စျေးရောင်းသူများနှင့် စျေးဝယ်သူများအကြား ကိုဗစ်-၁၉ ရောဂါ မဖြစ်ပွားစေခြင်းဖြင့် ပူးပေါင်းပါဝင်ကြပါရန် လက်ကိုင်အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်ခြင်း၊ လမ်း ၅၀ မှတ်တိုင်၊ ရေကျော်စျေးနှင့် ပုဇွန်တောင်စျေးတို့တွင် mask campaign ပြုလုပ်၍ Mask များ အခမဲ့ဖြန့်ဝေခြင်းတို့ကို  ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။

ဟန်စုယဉ်