ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့တွင် သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံ

လောက်ကိုင်  အောက်တိုဘာ ၂၇

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့၊ အမှတ်(၂) အခြေခံ ပညာအထက်တန်းကျောင်းရှိ အသက်(၁၁)နှစ်နှင့်အထက် ကျောင်းသူများကို သားအိမ်ခေါင်း ကင်ဆာရောဂါဖြစ်ပွားမှုမှ ကာကွယ်နိုင်ရန်အတွက် ယနေ့နံနက်(၁၀)နာရီအချိန်က  သားအိမ်ခေါင်း ကင်ဆာရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို အဆိုပါကျောင်း၏ ခန်းမဆောင်အတွင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် အမှတ်(၂)၊ အခြေခံပညာအထက်တန်းကျောင်းရှိ အသက်(၁၁)နှစ်မှ အသက် (၁၂)နှစ်အတွင်း ကျောင်းသူကလေးများအား သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ကျန်းမာရေးဌာနမှ ဝန်ထမ်းများကလာရောက်ထိုးနှံပေးလျက်ရှိရာ အမှတ်(၂) အခြေခံ ပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ကြီးနှင့် ဆရာ/ဆရာမများက ကျောင်းသူကလေးများ စနစ်တကျဖြင့် ဆေးထိုးနှံနိုင်စေရေးဆောင်ရွက်ပေးလျက်ရှိပြီး ကျန်းမာရေးဌာနမှ သားအိမ်‌ခေါင်းကင်ဆာ ရောဂါအကြောင်း အသိပညာပေးဟောပြောဆွေးနွေးပေးခဲ့ကြောင်း၊ ကျောင်းသူ (၆၄)ဦးကို ကာကွယ် ဆေးထိုးနှံပေးခဲ့ကြောင်းနှင့် လောက်ကိုင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများနှင့် ရပ်ကွက်များအတွင်းသို့ ကွင်းဆင်း၍ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းကိုလည်း သိရသည်။

ကာကွယ်ဆေးထိုးနှံခြင်းသို့ လိုက်ပါလာသည့် ကျောင်းသူတစ်ဦး၏ မိခင်ကလည်း “ကျောင်းမှာ ကာကွယ်ဆေးထိုးနှံပေးမှာမို့ လိုက်ခဲ့ရတာပါ။ အိမ်ကသမီးကို ယခုလိုကာကွယ်ဆေးထိုးနှံပေးလို့လည်း တာဝန်ရှိသူများကို ကျေးဇူးတင်ပါတယ်။ သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ် ဆေးက တစ်လုံးကို တစ်သိန်းလို့ပြောပါတယ်။ အပြင်မှာဆိုရင် ကာကွယ်ဆေးထိုးဖို့ မတတ်နိုင်ပါဘူးရှင်။ ဒီလောက်ကိုင်မြို့က အစစအရာရာဈေးကြီးတော့ ကျွန်မတို့အနေနဲ့ တတ်နိုင်မယ်လို့လည်းမထင်ပါဘူး။” လို့ပြောကြားခဲ့ကြောင်း သိရသည်။

လောက်ကိုင်(ပြန်/ဆက်)