မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်တွင် ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့်သင်တန်း ဖွင့်လှစ်

မန္တလေး စက်တင်ဘာ ၁၈

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ကြီးမှူး၍ ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့်သင်တန်းကို ယမန်နေ့က လမ်း၆၀၊ လမ်း၃၀ထောင့်ရှိ အမှတ်(၅)အခြေခံပညာအထက်တန်း ကျောင်းတွင် ဖွင့်လှစ်သင်ကြားခဲ့သည်။
သင်တန်းတွင် ချမ်းအေးသာစံမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဒေါက်တာမြတ်သစ်က သင်တန်းအဖွင့်အမှာ စကားပြောကြားပြီးနောက် သင်တန်းကို စတင်သင်ကြားပို့ချရာ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ၊ အတွင်းရေးမှူး ဦးကျော်ကျော်မြင့်နှင့် မြို့နယ်ရွေး ကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ အဖွဲ့ဝင်များဖြစ်ကြသော ဦးကျော်ကျော်ဦးနှင့် ဦးသိန်းအောင်တို့က ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများ၊ လုပ်ငန်းလမ်းညွှန်မှုများ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်တို့၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များ၊ ရွေးကောက်ပွဲ စက်ဝန်းနှင့် မဟာဗျူဟာ စီမံကိန်းပန်းတိုင်များ၊ နိုင်ငံရေးပါတီ များနှင့် လွှတ်တော် ကိုယ်စားလှယ်လောင်းများ လိုက်နာ ရမည့်ကျင့်ဝတ်၊ ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြော ခြင်းနှင့် မဲဆွယ်စည်းရုံးခွင့်၊ ကြိုတင်မဲပေးခြင်း၊ မဲပေးခြင်း၊ မဲရေတွက်ခြင်းနှင့် မဲရလဒ်များ ထုတ်ပြန်ကြေညာခြင်း စသည့် ရွေးကောက်ပွဲဆိုင်ရာ ဘာသာရပ်များအကြောင်းကို ပို့ချပေးခဲ့သည်။
အဆိုပါ သင်တန်းကို စက်တင်လ ၁၇ရက်နေ့နှင့် ၁၈ရက်နေ့ ဟူ၍ နှစ်ရက်ခွဲကာ သင်ကြားပေးသွားမှာဖြစ်ပြီး စက်တင်ဘာလ ၁၇ရက်နေ့တွင် ချမ်းအေးသာစံမြို့နယ် မဲဆန္ဒနယ် (၁)ရှိ ရပ်ကွက် ၁၀ခုမှ တစ်ရပ်ကွက်လျှင် ရပ်ကျေးကော်မရှင်အဖွဲ့ခွဲမှ ဥက္ကဌနှင့် အဖွဲ့ဝင် ၂ဦးဖြင့် ၃၀ဦးကို သင်ကြားပေးသွားမည် ဖြစ်ပြီးအလားတူ မဲဆန္ဒနယ် (၂)ရှိ ရပ်ကွက် ၁၀ခုမှ တစ်ရပ်ကွက်လျှင် ရပ်ကျေးကော်မရှင်အဖွဲ့ခွဲမှ ဥက္ကဌနှင့် အဖွဲ့ဝင် ၂ဦးဖြင့် ၃၀ဦးကို သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထိပ်ထားနိုင်