မိုင်းခုတ် အောက်တိုဘာ ၂၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ရှိ ဒေသခံတိုင်းရင်းသားပြည်သူများသည် စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများကိုသာ အဓိကထား လုပ်ကိုင်လျက်ရှိရာ ဆောင်းရာသီ သီးနှံဖြစ်သည့် ပဲစောင်းကားသီးများ လှိုင်လှိုင်ပေါ်၍ ပဲစောင်းကားသီးစိုက်ပျိုးရောင်းချသူများ မိသားစုအပိုဝင်ငွေ ရရှိလျက် ရှိကြောင်း သိရသည်။
ပဲစောင်းကားပင်များကို မိုးနှောင်းကာလတွင် အစေ့ချစနစ်ဖြင့်စိုက်ပျိုးပြီး အပင်မှ အညွှန့်ထွက် လာပါက တိုင်ထောင်ပေးရကြောင်း၊ ဆောင်းရာသီဝင်စအချိန်တွင် စတင်အသီးသီးကြောင်း၊ စိုက်ပျိုး စရိတ် အလွန်သက်သာကြောင်း၊ မိမိနေအိမ်ရှိ မြေကွက်လပ် (သို့မဟုတ်) ခြံစည်းရိုးနံဘေးတွင် စိုက်ပျိုးနိုင်ကြောင်း၊ မိသားစုစားသုံးရန်သာမက ပဲစောင်းကားသီး(၁၅)တောင့်ခန့်လျှင် (၅၀၀) ကျပ်ဖြင့်ရောင်းချရသဖြင့် မိသားစုအပိုဝင်ငွေရရှိကြောင်း ပဲစောင်းကားသီး စိုက်ပျိုးရောင်းချနေသူ ဒေါ်နန်းဖောင် ထံမှသိရသည်။
မိုင်းခုတ်မြို့ရှိ ဒေသခံပြည်သူများသည် ရာသီပေါ်ပဲစောင်းကားပင်များကို မိသားစုတစ်ပိုင်တစ်နိုင် စိုက်ပျိုးကြကာ ပဲစောင်းကားသီးများကို သုတ်၍သော်လည်းကောင်း၊ အတို့အမြှုပ်အဖြစ်သော်လည်းကောင်း၊ အချဉ်ဟင်းချက်ရာတွင်လည်းကောင်း ထည့်သွင်းစားသုံးကြပြီး ကြိုက်နှစ်သက်သူ များပြားကြောင်း သိရသည်။
ယဉ်ယဉ်ဝင်း(ပြန်/ဆက်)