ရန်ကင်း အောက်တိုဘာ ၂၇
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် အခြေခံပညာဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများမှ ကျောင်းအုပ်ကြီးများအား စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး မြို့နယ်အဆင့်(ဆင့်ပွား)အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နံနက် ၀၉:၀၀ နာရီက မြို့နယ်ပညာရေးမှူးရုံး ရန်ကင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါဆွေးနွေးပွဲတွင် ရန်ကင်းမြို့နယ်ပညာရေးမှူး ဒေါ်ဝင်းရည်မွန်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးရာတွင် အခြေခံပညာကျောင်းများ၏ သင်ကြားမှု၊ သင်ယူမှုအရည်အသွေးများ တိုးတက်ကောင်းမွန်လာစေရန်၊ ကျောင်းအုပ်ကြီးများ၏ စွမ်းဆောင်ရည် ပိုမိုမြင့်မားလာစေရန်၊ ခေါင်းဆောင်မှု တာဝန်ယူထားရသော ဆရာကြီး၊ ဆရာမကြီးတို့၏စီမံခန့်ခွဲမှုသည် အလွန်ပင်အရေးကြီးပြီး၊ ယုံကြည်ချက်၊ ခံယူချက်တို့ မှန်ကန်စွာဖြင့် တာဝန်နှင့်စည်းကမ်းများကို လေးစားလိုက်နာကာ ဆရာ့ကျင့်ဝတ်နှင့်အညီ အရည်အချင်းပြည့်ဝသည့် ကျောင်းအုပ်ကောင်းများဖြစ်အောင် ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့ ရန်ကင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အထက်တန်းကျောင်းအုပ်(၁)ဦး၊ ထက်အုပ်တာဝန်ခံ (၁)ဦး၊ အလယ်တန်းကျောင်းအုပ် (၇)ဦး၊ မူလတန်းကျောင်းအုပ်(၁၁)ဦး၊ ရုံးအဖွဲ့( ၅)ဦး စုစုပေါင်း (၂၅)ဦးတို့ တက်ရောက်ခဲ့ပြီး ပညာရေး ကဏ္ဍ၊ စီမံခန့်ခွဲမှု၊ ဘဏ္ဍာရေးနှင့် စီမံကိန်းကြီးကြပ်အကဲဖြတ်ခြင်း ဘာသာရပ်များကို အောက်တိုဘာလ၂၇ ရက်နေ့မှ ၂၈ ရက်နေ့အထိ နှစ်ရက်ကြာ ဆွေးနွေးပို့ချပေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။
အိရွှေစင်(ပြန်/ဆက်)