ကျောက်ပန်းတောင်း အောက်တိုဘာ ၂၇
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် ပညာရေးဌာနမှ အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းနှင့် မူလတန်းကျောင်း(ခွဲ) ကျောင်းအုပ်ဆရာကြီး/ဆရာမကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည် မြင့်မားရေး အလုပ်ရုံ ဆွေးနွေးပွဲကို၊ ယနေ့နံနက်(၉)နာရီက စံပြရပ်ကွက်ရှိ အမှတ်(၂)အခြေခံပညာအထက် တန်းကျောင်း၊ ပညာဂုဏ်ရည် ဓမ္မာရုံတွင်ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေ့ဦးစွာ မြို့နယ်ပညာရေးမှူး ဒေါ်မော်မော်က အလုပ်ရုံဆွေးနွေးပွဲ ကျင်းပရခြင်း ရည်ရွယ်ချက်များနှင့် ၂၀၂၂-၂၀၂၃ ခုနှစ် ပညာရေးဆိုင်ရာများနှင့် ပတ်သက်၍ အဖွင့်အမှာစကား ရှင်းလင်းပြောကြားပြီး၊ အလုပ်ရုံဆွေးနွေးပွဲကို အစီအစဉ်အတိုင်း ဆက်လက်ကျင်းပသည်။ ကျောက်ပန်းတောင်းမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းနှင့် မူလတန်းကျောင်းခွဲများမှ ကျောင်းအုပ်ဆရာကြီး/ဆရာမကြီးများ၏ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး ဆိုင်ရာအလုပ်ရုံ ဆွေးနွေးပွဲတွင် မြို့နယ်ပညာရေးမှူးဒေါ်မော်မော်၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦးထွန်းအောင်ကျော်နှင့် ဒုတိယမြို့နယ် ပညာရေးမှူး ဦးအောင်စိုးသင်းတို့က ဦးဆောင်ဆွေးနွေးကြမည်ဖြစ်ကြောင်း သိရပြီး၊ မြို့နယ်ပညာရေးမှူး ဒေါ်မော်မော်က သင်ကြားသင်ယူမှုနှင့် ကျောင်းအဆင့်လိုက် စီမံခန့်ခွဲရေးဆိုင်ရာ ကိစ္စများကို လည်းကောင်း၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦးထွန်းအောင်ကျော်က ပညာရေးနှင့် စစ်ဆေးအကဲဖြတ်ရေးဆိုင်ရာများကိုလည်းကောင်း၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦးအောင်စိုးသင်းက စီမံခန့်ခွဲရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ ကိစ္စများကိုလည်းကောင်း အသီးသီး ဦးဆောင်ဆွေးနွေးသွားကြမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ ကျောက်ပန်းတောင်းမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းနှင့် မူလတန်းကျောင်းခွဲများမှ ကျောင်းအုပ် ဆရာကြီး/ဆရာမကြီးများ စုစုပေါင်း (၂၈၂)ဦး တက်ရောက်ကြကြောင်း သိရပြီး၊ အလုပ်ရုံဆွေးနွေးပွဲကာလမှာ အောက်တိုဘာ(၂၇)ရက်နေ့မှ (၂၈)ရက်နေ့အထိ (၂)ရက်ဖြစ် ကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)