မိုးညှင်း အောက်တိုဘာ ၂၇
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ် ညောင်ကုန်းကျေးရွာတွင် မြစိမ်းရောင်ကျေးရွာ (ဆီထွက်သီးနှံ) စီမံကိန်းရန်ပုံငွေကို ယနေ့ နံနက် (၁၀)နာရီအချိန်ခန့်က ညောင်ကုန်းကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ ပထမအကြိမ် ထုတ်ချေးပေးခဲ့သည်။
အဆိုပါထုတ်ချေးပေးရာတွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမြသိန်းဝင်းက စီမံကိန်းရန်ပုံငွေထုတ်ချေးပေးရခြင်း၏ ရည်ရွယ်ချက်များနှင့် လိုက်နာရမည့် စည်းကမ်းချက်များ၊ အတိုးအရင်းပေးဆပ်ရမည့် ကာလသတ်မှတ်ချက်များ စသည်တို့ကို ရှင်းလင်းပြောကြားပြီး တာဝန်ရှိသူများက ကျေးရွာကော်မတီဝင်များနှင့်အတူ စီမံကိန်းရန်ပုံငွေများ အား တောင်သူများထံ လက်ဝယ်အရောက် ထုတ်ချေးပေးခဲ့သည်။
မိုးညှင်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း (ဆီထွက်သီးနှံ)ကို ညောင်ကုန်းကျေးရွာ၊ နန့်လှိုင်ကျေးရွာနှင့် ထန်းတပင်ကျေးရွာများတွင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် ညောင်ကုန်းကျေးရွာသည် မြစိမ်းရောင်ကျေးရွာ (ဆီထွက်သီးနှံ) စီမံကိန်း Type(1) အမျိုးအစားဖြစ်ပြီး စီမံကိန်းရန်ပုံငွေကျပ် သိန်း (၃၀၀)ရရှိသဖြင့် ဆီထွက်သီးနှံ (နေကြာ)စိုက်ပျိုးမည့် တောင်သူ (၇၀)ဦးမှ နေကြာစိုက်ဧက (၂၈၁)ဧက စိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးမြသိန်းဝင်းထံမှ သိရသည်။
ရွှေမိုးညှင်း