သုံးခွ အောက်တိုဘာ ၂၇
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယမန်နေ့နံနက် (၉)နာရီအချိန်က အ.ထ.က (၂)အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ဒုတိယမြို့နယ်ပညာရေးမှူး ဦးဌေးနိုင်က အဖွင့်အမှာစကားပြောကြားပြီး အ.ထ.က(၂) ကျောင်းမှအလယ်တန်းပြ ဆရာမ ဒေါ်ခင်၀င်းရီက ကျေးဇူးတင်စကား ပြောကြားသည်။
ထို့နောက် လူငယ်စကားဝိုင်းကိုစတင်ကျင်းပရာ ရန်ကုန်တောင်ပိုင်းခရိုင် သုံးခွမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဒေါ်တင်တင်ထွေးက ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ပြီး ကျောင်းသား ကျောင်းသူများက လူငယ်နှင့်စာပေ၊ လူငယ်နှင့်စာရိတ္တ၊ လူငယ်နှင့်ကျန်းမာရေး၊ လူငယ်နှင့်အားကစား၊ လူငယ်နှင့်ယဉ်ကျေးမှု ခေါင်းစဉ်များဖြင့် အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။ လူငယ်စကားဝိုင်းတွင် ကျောင်းသားကျောင်း သူစုစုပေါင်း (၃၅၀)ဦးခန့် တက်ရောက်ခဲ့ကြပြီး အဆိုပါကျောင်းသား ကျောင်းသူများထဲမှ သိရှိလိုသည်များကို မေးမြန်းခဲ့ရာ ဆွေးနွေးကြသူ ကျောင်းသား/သူလေးများက ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။
ထို့နောက် လူငယ်စကားဝိုင်း ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန သုံးခွမြို့နယ်ရုံးက ခင်းကျင်းပြသထားသော နံရံကပ်စာစောင်ဓာတ်ပုံပြပွဲနှင့် စာအုပ်ပြပွဲအား တက်ရောက်လာကြသော ဆရာ၊ ဆရာမများ၊ ကျောင်းသားကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
စည်သူလင်း