ရမည်းသင်းမြို့နယ် မြို့မအခြေခံပညာ အထက်တန်းကျောင်း၌ လူငယ်စကားဝိုင်း ဆွေးနွေးပွဲ ကျင်းပ

ရမည်းသင်း အောက်တိုဘာ ၂၇

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်မြို့နယ်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၁နာရီခွဲက ရမည်းသင်းမြို့နယ်၊ အမှတ်(၅)အခြေခံ ပညာအထက်တန်းကျောင်း (မြို့မ) ဓမ္မာရုံ၌ ကျင်းပကြောင်း သိရသည်။

ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်မိမိခိုင်က အမှာစကားပြောကြားပြီး ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သိမ့်သိမ့်မျိုးက  လူငယ်စကားဝိုင်း ကျင်းပပေးရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ကျင်းပရာ ရမည်းသင်းခရိုင် ပြန်ကြရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးက ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ပြီး Grade-9 ကျောင်းသား မောင်ထက်ပိုင်စိုးမှ လူငယ်နှင့်ပညာရေးကိုလည်းကောင်း၊ မောင်ဝင်းကျော်ကျော်ခန့်မှ ဆိုရှယ်မီဒီယာကောင်းကျိုး၊ ဆိုးကျိုးကို လည်းကောင်း၊ Grade-10 ကျောင်းသူ မမိုးမိုးကမ္ဘာမှ လူငယ်နှင့်အားကစားကိုလည်းကောင်း၊ မဆန်းမေအောင်မှ ကျန်းမာရေး အသိပညာပေးခေါင်းစဉ်များဖြင့် ဆွေးနွေးကြခဲ့သည်၊ လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို မြို့မအထက်တန်းကျောင်း ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၂၀၀)ဦးခန့် တက်ရောက်ခဲ့ကြပြီး ကျောင်းသား ကျောင်းသူများထဲမှ  ကျောင်းသူ မသက်မှူးအိမ်မှ ယနေ့လူငယ်တွေ စွဲလန်းနေတဲ့ အင်တာနက်ဂိမ်းကစားခြင်း ကောင်းကျိုး၊ ဆိုးကျိုးကိုလည်းကောင်း၊ မောင်ကောင်းဇေယျာဟိန်းမှ အရင်ခေတ်အားကစားနှင့် ယနေ့အားကစား ဘာတွေကွာခြားသလဲ၊ မရတနာလွင်မှ ယနေ့ပညာရေးစနစ်ကို လူငယ်များ ဘယ်လိုပြင်ဆင်ရမလဲ၊ မောင်နန္ဒရဲကျော်မှ ကျန်းမာတဲ့ လူတစ်ယောက်နှင့် မကျန်းမာတဲ့ လူတစ်ယောက် ဘယ်လိုကွာခြားသလဲစသည့် သိရှိလိုသည်များကို မေးမြန်းခဲ့ရာ ကဏ္ဍအလိုက် ပါဝင်ဆွေးနွေးကြသည့် ကျောင်းသား၊ကျောင်းသူတို့က ပြန်လည်ဖြေကြားရာ ခရိုင်ဦးစီးမှူးက ဖြည့်ဆည်းရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ လူငယ်စကားဝိုင်း ဆွေးနွေးပွဲတွင် ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက  နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲနှင့် စာအုပ်ပြပွဲအား ခင်းကျင်းပြသထားရာ တက်ရောက်လာကြသည့် ဆရာ/ဆရာမများ၊ ကျောင်းသား ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုမှတ်သားခဲ့ကြောင်း သိရသည်။

ဇော်ဝင်းအောင် (ပြန်/ဆက်)