မိုင်းယု အောက်တိုဘာ ၂၇
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနသည် ကျေးလက်နေပြည်သူများ၏ အိမ်မွေးတိရစ္ဆာန်များ ကူးစက်ရောဂါကာကွယ်ရေးနှင့် စနစ်တကျ မွေးမြူနိုင်ရေးအတွက် အသိပညာပေးဟောပြောပွဲကို ယမန်နေ့က မိုင်းလွေကျေးရွာ၌ ကွင်းဆင်းဟောပြောခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် မိုင်းယုမြို့ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ တာဝန်ခံ ဦးစိုင်းဆွန်ဆိုင်းက မိမိတို့၏ အိမ်မွေးတိရစ္ဆာန်များဖြစ်သည့် ကြက်၊ ဝက်၊ ဘဲများကို မွေးမြူရာတွင် ကူးစက်ရောဂါများ ကျရောက်နိုင်သဖြင့် စနစ်တကျ မွေးမြူရေးနှင့် ကြက်ခြံ၊ ဝက်ခြံနှင့် ဘဲခြံများ၌ ကူးစက်ရောဂါကာကွယ်ရေးအတွက် ကာကွယ်ဆေးများ ဖျန်းပေးရမည်ဖြစ်ကြောင်း၊ ကာကွယ် ဆေးလိုအပ်ချက်နှင့်ပတ်သက်၍ မိမိတို့ဌာနနှင့် ဆက်သွယ်ရယူ နိုင်ကြောင်း၊ ကာကွယ်ဆေးဖျန်းရမည့် နည်းလမ်းများအကြောင်းကို ဟောပြောခဲ့ပြီး၊ ကြက်၊ ဝက်နှင့် ဘဲ တိရစ္ဆာန်ကူးစက်ရောဂါကာကွယ်ဆေးကို ပြည်သူများအား ပေးအပ်ခဲ့သည်။
မိုင်းယုဒေသရှိ ကျေးလက်နေပြည်သူအများစုသည် လယ်၊ ယာနှင့် ဉယျာဉ်ခြံ စိုက်ပျိုးရေးနှင့် ကြက်၊ ဝက်၊ ဘဲ၊ နွား၊ ကျွဲ စသည့် တစ်နိုင်တစ်ပိုင် မွေးမြူရေးလုပ်ငန်းများကိုသာ အဓိကထား၍ လုပ်ကိုင်ကြကြောင်း သိရသည်။
အားချာ