ကျောက်ဆည်မြို့နယ်တွင် (VDP)စီမံကိန်းဖြင့် ဗနွဲ့ကုန်းကျေးရွာလမ်းများအား ကွန်ကရစ်ခင်းပေးရာ လုပ်ငန်းများရာနှုန်းပြည့်ပြီးစီပြီဖြစ်

ကျောက်ဆည် အောက်တိုဘာ ၂၇

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်အတွင်းရှိ ပြည်သူများ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဘဏ္ဍာနှစ်အလိုက် လိုအပ်သည့်လုပ်ငန်းများ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် (VDP)စီမံကိန်းဖြင့် ဗနွဲ့ကုန်းကျေးရွာတွင် ကျေးရွာတွင်းလမ်းများအား ကွန်ကရစ်ခင်းပေးခဲ့ရာ လုပ်ငန်းများရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း သိရှိရသည်။

လမ်းများကွန်ကရစ်ခင်းပေးရာတွင် နိုင်ငံတော်ခွင့်ပြုရန်ပုံငွေ(၁၀.၀၀)ကျပ်သန်း၊ ပြည်သူထည့်ဝင်ငွေ၊ လုပ်အား(၅.၃၀)ကျပ်သန်း၊ စုစုပေါင်းငွေကျပ်(၁၅.၃၀)ကျပ်သန်း အကုန်အကျခံကာ လမ်းအရည်အသွေးပြည့်မီရေးနှင့် သတ်မှတ်ကာလပြီးစီးရေး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ နည်းပညာများကူညီပံ့ပိုးကူညီမှုဖြင့် အရှည်(၆၆၅)ပေ၊ အကျယ်(၁၂)ပေ၊ ထု(၆)လက်မကွန်ကရစ်ခင်းပေးခြင်းဖြစ်ကြောင်း သိရသည်။

ဗနွဲ့ကုန်းကျေးရွာတွင် အိမ်ခြေ/အိမ်ထောင်စု(၂၃၅)စု၊ လူဦးရေ(၆၁၂)ဦး နေထိုင်လျက်ရှိပြီး ကျေးရွာတွင်းလမ်းများ ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်ပေးမှုကြောင့် လမ်းများမြို့ပြနှင့်မခြားဖြစ်လာပြီး ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများ၊ ရဟန်းသံဃာများသွားလာရာတွင် များစွာအဆင်ပြေခဲ့ကြောင်းနှင့် လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာပြီဖြစ်ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)