မိုးနဲ အောက်တိုဘာ ၂၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၌ အသားတိုးကြက်ကို တစ်နိုင် တစ်ပိုင်မွေးမြူ၍ တစ်ဖက်တစ်လမ်းမှ မိသားစုအပိုဝင်ငွေရရှိကြောင်း အသားတိုးကြက် မွေးမြူသူ လွိုင်မြေရပ်ကွက်နေ စိုင်းခေး၏ ပြောဆိုချက်အရ သိရသည်။
နေအိမ်ခြံထဲရှိ အလျားပေ ၂၀ ၊ အနံ ပေ ၃၀ အဆောက်အဦ တစ်ခုအတွင်း ကြက်ကောင်ရေ ၂၅၀ ကို မိသားစုတစ်နိုင်တစ်ပိုင်အဖြစ် အပိုဝင်ငွေရ အောင် မွေးမြူခြင်းဖြစ်ကြောင်း၊ အသားတိုးကြက်အပြင် ဒေသကြက်၊ ဘဲ၊ ဝက်များကိုလည်း မွေးမြူထားရှိကြောင်း၊ အသားတိုး ကြက်ကိုတော့ ရက် ၄၀ နှင့် ရက် ၄၅ ရက်အကြာမွေးမြူရပြီး ဒေသပေါက်ဈေးနှင့် ရောင်းချကြောင်း၊ ရောင်းတဲ့အချိန်မှာတော့ အသားတိုးကြက် တစ်ကောင်မှာ တစ်ပိဿာခွဲ ကျော်ရှိပြီးဖြစ်ကြောင်း၊ ကြက်အဝယ်ဒိုင်တွေစီကိုမပို့ဘဲ မြို့တွင်း ကြက်သားရောင်းသူများ ထံတွင်သာ ရောင်းချကြောင်း၊ အခုကြက်ပေါက် တစ်ကောင်လျှင် ၁၂၀၀ ကျပ်ပေးဝယ်ရပြီး ကြက်စာဈေးနှုန်းကလည်း ကြီးလာတော့ ယခင်ကလို အမြတ်အများကြီးမရှိပေမဲ့ မိသားစုအတွက်တော့ အပိုဝင်ငွေရရှိကြောင်း တစ်ပိုင်တစ်နိုင် အသားတိုးကြက်မွေးမြူသူ စိုင်းခေး၏ ပြောကြားချက်အရ သိရသည်။
မျိုးညွန့်ရွှေ(မိုးနဲ)