ငါ့သရောက် အောက်တိုဘာ ၂၇
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ငါ့သရောက်မြို့တွင် မိုးဦးကာလက စတင်စိုက်ပျိုးထားသော ခြောက်လမြေပဲများ စတင်နှုတ်သိမ်းနေပြီ ဖြစ်ရာ အထွက်နှုန်းမှာအထူးကောင်းမွန်လျက်ရှိကြောင်းဒေသခံ မြေပဲစိုက်တောင်သူများထံမှသိရသည်။
ငါ့သရောက်မြို့သည် တောင်ယာလုပ်ငန်းကို အဓိကထားလုပ်ကိုင်သည့်မြို့ဖြစ်သည့်အလျောက် ဆီထွက်သီးနှံများဖြစ်သည့် မြေပဲ၊ နှမ်း၊ နေကြာ စသည်တို့အပြင် ပဲတီစိမ်း၊ ပဲစင်းငုံ၊ စပါး၊ ပြောင်းစသည်တို့ကို အဓိကအားထားစိုက်ပျိုးလျက်ရှိကြောင်းသိရသည်။ မြေပဲကို မိုးဦး ကာလဖြစ်သည့် ကဆုန်လတွင်လည်းကောင်း၊ မိုးလယ်ကာလဖြစ်သော ဝါဆိုလတို့တွင်လည်းကောင်း စိုက်ပျိုးကြကြောင်းသိရသည်။ မိုးဦးကာလတွင် နှမ်း၊ သုံးလပဲစသည်တို့ကို စိုက်ပျိုး ပြီးဝါဆိုလတွင် နှုတ်သိမ်းပြီးသည်နှင့်တစ်ပြိုက်နက် ဒုတိယသီးနှံများဖြစ်သည့် သုံးလမြေပဲ၊ ခြောက်လမြေပဲ၊ ပဲတီစိမ်း၊ နေကြာတို့ကစိုက်ပျိုးကြကြောင်းသိရသည်။ ယခုကာလနှုတ်သိမ်း သောခြောက်လမြေပဲများသည် မိုးဦးကာလကစိုက်ပျိုးထားရှိသော သီးနှံများဖြစ်ပြီး၊ မိုးလယ်ကာလဖြစ်သော ဝါဆိုပဲများကို ပြာသိုလတွင်နှုတ်သိမ်းကြရကြောင်းသိရသည်။ မိုးဦးကာလက စိုက်ပျိုးထားသော ခြောက်လမြေပဲများနှုတ်သိမ်းရာတွင် အထွက်နှုန်းမှာလည် အထူးကောင်းမွန်ပြီး မြေပဲတစ်တင်းကျကို တင်းရေ (၂၀)တင်းမှ (၂၅)တင်း အထိ ထွက်ရှိလျက်ရှိကြောင်း သိရ သည်။
ယခုလိုမြေပဲနှုတ်သိမ်းချိန်တွင် နေ့စားအငှားလိုက်သူများ အလုပ်ရှုပ်ချိန်ဖြစ်ပြီး တစ်နေ့အငှားလိုက်လျှင် (၅၀၀၀)ကျပ်ရရှိကာ အဆင်ပြေလျက် ရှိပြီး။ နေ့စားအငှားလိုက်သူရှိသလို တချို့မှာလည်း ပုဒ်ပြက်အငှားလိုက်လျက်ရှိကြသည်။မြေပဲပုဒ်ပြက်အငှားဆွတ်ရာတွင် တစ်တင်းကို (၂၀၀၀) ကျပ်နှုန်းဖြစ်ဆွတ်ခူးကြပြီး တချို့ခူးဆွတ်မြန်သူများမှာ တစ်နေ့လျှင် ၈၀၀၀ ကျပ်နှုန်း အထိရရှိပြီး၊ မိသားစု သုံးဦးရှိသူဆို တစ်နေ့အငှားလိုက် လျှင် ၁၈၀၀၀ ကျပ်မှ ၂၀၀၀၀ ကျပ်အထိ နေ့စဥ်ဝင်ငွေရရှိနေတော့ မိသားစုအဆင်ပြေလျက်ရှိကြောင်း သိရသည်။
P.W.A (ပြန်/ဆက်)