ရန်ကုန် စက်တင်ဘာ ၁၈
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ်ကာလ အတွင်း၌ ပြည်သူများအတွက် စားဝတ်နေရေး ပြေလည်စေရန် ရည်ရွယ်၍ နိုင်ငံတော်အစိုးရမှ တတိယ အကြိမ် ထောက်ပံ့မှုအဖြစ် ပေးအပ်သော ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစားများအတွက် ထောက်ပံ့ငွေကျပ် (၂၀၀၀၀) စီကို ယမန်နေ့ နံနက်ပိုင်းမှ စတင်ကာ တာဝန်ရှိသူများက ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ထိုသို့ ထောက်ပံ့ရာတွင် မြို့နယ်အတွင်းရှိ ရပ်ကွက် (၂၀) ၌ စနစ်တကျ စာရင်းကောက်ယူထားသည့် ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစားအိမ်ထောင်စု (၅၈၉၆) အတွက် တစ်အိမ်ထောင်လျှင် ငွေကျပ် (၂၀၀၀၀) စီဖြင့် စုစုပေါင်းထောက်ပံ့ငွေ (၁၁၇၉၂၀၀၀၀) ကျပ်အား မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဝင်း၏ ဦးဆောင်မှုဖြင့် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ် ရေးမှူးများက မိမိတို့ရပ်ကွက်များအလိုက် လူစုလူဝေးမဖြစ်စေရန်အတွက် စနစ်တကျဖြင့် ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ချစ်စုဝေ (ပြန်/ဆက်)