လှည်းကူးမြို့နယ်တွင် မီးလောင်ကျွမ်းမှုမဖြစ်ပွားစေရေး မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းဆောင်ရွက်

လှည်းကူး    အောက်တိုဘာ  ၂၇

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်တွင် ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ မီးလောင်ကျွမ်းမှုမဖြစ်ပေါ်စေရေးအတွက် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပညာပေးခြင်းကို ယမန်နေ့ညပိုင်းကရပ်ကွက်များအတွင်း အသံချဲ့စက်ဖြင့်လိုက်လံအသိပညာပေးကြေညာခဲ့ကြောင်း သိရသည်။

အဆိုပါအသိပညာပေးခြင်းကို မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏လမ်းညွှန်မှုဖြင့် လှည်းကူးမြို့နယ်မီးသတ်ဦးစီးဌာနမှဦးဆောင်၍ ရပ်ကွက်၊ ကျေးရွာအထောက်အကူပြုအဖွဲ့များက မီးဘေးအန္တရာယ်မဖြစ်ပေါ်စေရေးအတွက် ကြိုတင်ကာကွယ်နိုင်ရန်နည်းလမ်းများ၊ မီးဘေးအန္တရာယ်ကြုံတွေ့လာပါက ပြုလုပ်ရမည့်လုပ်ငန်းစဉ်များ၊ မီးသတ်ဥပဒေ၊ နည်းဥပဒေများကို ရပ်ကွက်၊ ကျေးရွာများအတွင်းလိုက်လံအသိပညားပေးကြေညာခဲ့ကြောင်း သိရှိရသည်။

အေးအေးနွဲ့(ပြန်/ဆက်)