ဆီဆိုင်မြို့၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်များနှင့် စာအုပ်စာစောင်များ ခင်းကျင်းပြသ

ဆီဆိုင် အောက်တိုဘာ ၂၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့၌ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများအား လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်များ၊ စာအုပ်စာစောင်များ ခင်းကျင်းပြသခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက အောင်ချမ်းသာရပ်ကွက်အတွင်းရှိ အမှတ်(၂)အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)၌ ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားမှူး ဦးဇော်ထွန်းက လူငယ်နှင့်အားကစားခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဆီဆိုင်မြို့နယ်ရုံးမှ ဦးစီးအရာရှိ ဦးကြီးဒဲရယ်က လူငယ်နှင့်ရည်မှန်းချက်ခေါင်းစဉ်ဖြင့် အသိပညာပေး ဟောပြောခဲ့သည်။ ထို့နောက် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ အားကစားမှူး ဦးဇော်ထွန်းက အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူကုန်ကူးမှုတားဆီး ကာကွယ်ရေးအသိပညာပေး နံရံကပ်စာစောင်များ၊ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်များနှင့် စာအုပ်/စာစောင်များကို ခင်းကျင်းပြသရာ ကျောင်းသား/ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာမှတ်သားခဲ့ကြကြောင်း သိရသည်။      

မျိုးမြတ်(ဆီဆိုင်)