ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် အားကစားပစ္စည်းများ လှူဒါန်းပေးအပ်ပွဲကျင်းပ

ဒဂုံအရှေ့ အောက်တိုဘာ ၂၆

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပညာရေးဌာနတို့ ပူးပေါင်း၍ အနာဂတ်မျိုးဆက်သစ် လူငယ်လူရွယ်များ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရန်၊ မျိုးချစ် စိတ်ဓာတ်ရှင်သန်ထက်မြက်စေရန်နှင့် နိုင်ငံတော်ကိုအကျိုးပြုမည့် လူငယ်လူရွယ်များဖြစ်လာစေရန် ရည်ရွယ်၍လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် အားကစားပစ္စည်းများ လှုဒါန်းပေးအပ်ခြင်းကို ယနေ့နံနက်(၁၀)နာရီက အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းဧရာဝတီခန်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အခမ်းအနားတွင် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်စန္ဒာမင်းက အဖွင့်အမှာစကားပြောကြားခြင်း၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်ဆွေအေးက “အားကစား”ဆိုတာ အင်အားနဲ့ဉာဏ်ရည်ကိုအသုံးချကြောင်း၊ အားကစား အမျိုးအစား(၄)မျိုးရှိပြီး ယှဉ်ပြိုင်အားကစား၊ ရိုးရာအားကစား၊ အပန်းဖြေအားကစားနှင့် လူထုအားကစားတို့ဖြစ်ကြောင်း၊ ကာယပညာသင်ကြားရခြင်း၏ ရည်ရွယ်ချက်မှာ အနာဂတ်မျိုးဆက်သစ် လူငယ်လူရွယ်များ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်စေရေးအတွက် အားကစားက ဆောင်ရွက်ပေး၍ ကျောင်းသား၊ ကျောင်းသူလူငယ်လေးများက အားကစားနည်းများကိုသိရှိ၍ ဆောင်ရွက်ကြ‌စေရန် အသိပညာပေးဟောပြောခဲ့ပြီးနောက် အားကစားပစ္စည်းများကို လှူဒါန်းပေးအပ်ရာ အထက(၃)ကျောင်းအုပ်ဆရာမကြီးက လက်ခံရယူခဲ့သည်။

ဆက်လက်၍ အထက(၃)ကျောင်းအုပ်ဆရာမကြီးက ကျောင်းသား/သူလူငယ်များအတွက် အားကစားဆိုင်ရာ အကြောင်းအရာများနှင့် အားကစားပစ္စည်းများ လှုဒါန်းပေးအပ်မှုအပေါ် ကျေးဇူးတင်စကားပြောကြား၍ ကျောင်းသား၊ ကျောင်းသူများက FitnessDance၊ မြန်မာသိုင်း အားကစားနည်းတို့ဖြင့် သရုပ်ပြသပေးပြီးနောက် အဆိုပါအခမ်းအနားသို့ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ၊ မြို့နယ်အားကစားနှင့် ကာယပညာဉီးစီးဌာနမှနည်းပြများ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်းမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား/ကျောင်းသူ(၁၅၀)ဦးတို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဝင်းအိမွန်(ပြန်/ဆက်)