မိုးနဲမြို့၌ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အသိပညာပေးဆော်ဩခြင်းနှင့် အဘိတ်ဆေးခတ်ခြင်း လုပ်ငန်းပူးပေါင်းဆောင်ရွက်

မိုးနဲ       စက်တင်ဘာ        ၁၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင် မိုးနဲမြို့နယ်၌ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေး ဦးစီး ဌာနတို့ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်း ချုပ်ရေးဆိုင်ရာအသိ‌ ပညာပေး ဆော်ဩခြင်းနှင့် သွေးလွန်တုပ်ကွေး ရောဂါကြိုတင် ကာကွယ်ရေးအတွက် မြို့ပေါ်ရပ်ကွက်(၅)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၁၄)အုပ်စုရှိ စာရေးဝန်ထမ်းများနှင့် ကျန်းမာရေးဝန်ထမ်းများက ယနေ့ နံနက်ပိုင်းက စတင်၍ အသိ‌ဆော်သြခြင်းနှင့် အဘိတ်ဆေးခတ်ပေးခြင်း လုပ်ငန်းများကို ပူးပေါင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ယင်းသို့ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ရပ်ကွက်နှင့် ကျေးရွာအုပ်စု စာရေးဝန်ထမ်းများက Hand Held Mega Phone များဖြင့် ‌ကိုဗစ်-၁၉ ရောဂါနှင့် စပ်လျဉ်း၍  ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏  ထုတ်ပြန်ချက်များ၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့၏ ပြည်သူများထံသို့ ပြန်ကြားချက်များ၊ မြို့နယ်အတွင်း ထုတ်ပြန်ထားသည့် ထုတ်ပြန်ချက်များအား အသိပေး ဆော်ဩခြင်းနှင့် မိုးရာသီကာလအတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု လျော့နည်းစေရန် မြို့နယ် မိခင်နှင့်ကလေး ကျန်းမာရေးဌာနမှ ဆရာမ ဒေါ်သင်းလဲ့လဲ့ထွန်းနှင့် ကျန်းမာရေးဝန်ထမ်းများက ရပ်ကွက်နေ မိသားစုဝင်များ အသုံးပြုသည့် ရေအိုး၊ ရေစည်၊ ရေတိုင်ကီနှင့် သောက်သုံးရေကန်များကို ခြင်များ မခိုအောင်းနိုင်အောင် စနစ်တကျဖုံးအုပ်ထားကြရန် အသိပညာ ပေးခြင်းနှင့် အဘိတ်ဆေးခတ်ပေးခြင်း လုပ်ငန်းများကို ပူးပေါင်းကွင်းဆင်းဆောင် ရွက်ခဲ့ကြောင်း သိရသည်။

မျိုးညွန့်ရွှေ ( မိုးနဲ)