စဉ့်ကူးမြို့နယ်၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေ ထုတ်ပေး

စဉ့်ကူး   ​​အောက်တိုဘာ   ၂၆

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက စီမံကိန်းဝင်ကျေးရွာ (၃) ရွာအတွက် မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံ ငွေဆပ်/ထုတ်စနစ်ဖြင့် ထုတ်ချေးပေးခြင်း အခမ်းအနားကို ယနေ့နံနက်(၁ဝ)နာရီက စဉ့်ကူး မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကိုဗစ်စည်းကမ်းချက်များနှင့်အညီ ကျင်းပခဲ့​သည်။

ရှေးဦးစွာ စဉ့်ကူးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးနိုင်အောင်စိုးက မြစိမ်းရောင်ကျေးရွာစီမံကိန်းဖြင့် ကျေးလက်နေပြည်သူများ၏ ဆင်းရဲမှုလျှော့ ချနိုင်စေရန်နှင့် တစ်နိုင်တစ်ပိုင် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများနှင့် အခြားမိသားစုဝင်ငွေ တိုး စီးပွားရေး လုပ်ငန်းများ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ထုတ်ချေးပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် စဉ့်ကူးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် စီမံကိန်းတာဝန်ခံတို့က ​ ဆင်ကျွန်း​ကျေးရွာ၊ စားကျက်ကြီးကျေးရွာ၊ ကံ​ပြိုကျေးရွာ၊  စုစုပေါင်းကျေးရွာ (၃)ရွာတို့မှ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ (၃၀၃) ဦးတို့အား ချေးငွေကျပ် (၁၀၄.၇)သန်း၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ (၉၂) ဦးတို့အား ချေးငွေကျပ်(၂၁.၄)သန်း၊ အရောင်းအဝယ် လုပ်ငန်း လုပ်ကိုင်သူ (၂၂)ဦးတို့အား ချေးငွေကျပ် (၅.၄၅)သန်း​​​၊ အသက်မွေးဝမ်းကျောင်း လုပ်ငန်းလု​ပ်ကိုင်သူ (၁၆)ဦးတို့အား ချေးငွေကျပ် (၃.၇)သန်း၊ စုစုပေါင်းကျေးရွာ​​ (၃)ရွာမှ မြစိမ်းရောင်စီမံကိန်းဝင် အသင်းသူ/အသင်းသား စုစုပေါင်း (၄၄၃)ဦးအတွက်စီမံကိန်းရန်ပုံငွေကျပ် (၁၃၅.၂၅)သန်းအား  မြစိမ် းရောင်ရန်ပုံငွေကြီးကြပ်မှု ကော်မတီဝင်များမှတစ်ဆင့် အသင်းသူ/ အသင်းသားများထံသို့ နေ့ချင်းပြီး ထုတ်ချေးပေးခဲ့သည်။

အဆိုပါ အခမ်းအနားသို့ စဉ့်ကူးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ် ဦးစီးမှူးဦးနိုင်အောင်စိုးနှင့် ဝန်ထမ်းများ၊ မြစိမ်းရောင်စီမံကိန်းရန်ပုံငွေကြီးကြပ်မှု ကော်မတီဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

တင်ဇာလွင် (ပြန်/ဆက်)