အမ်း အောက်တိုဘာ ၂၆
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၌ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ရခိုင်ပြည်နယ်ရုံးကွပ်ကဲမှုအောက်ရှိ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းတွင် အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ်(၅) သင်တန်းဖွင့်ပွဲကို ယမန်နေ့နေ့လယ်ပိုင်းအချိန်က ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
၎င်းသင်တန်းဖွင့်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူး မျိုးမင်းသန့်က ရခိုင်ပြည်နယ်၊ တည်ငြိမ်အေးချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး ဗဟိုကော်မတီ၊ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး ကော်မတီတို့၏ လမ်းညွှန်ချက်အရ မြို့နယ်အတွင်းရှိ အမျိုးသမီးငယ်များ အသက်မွေးဝမ်းကြောင်းအထောက်အကူပြု အိမ်တွင်းမှုအတတ်ပညာရရှိစေရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန် ရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ လူ့စွမ်းအားအရင်းအမြစ်များ ဖွံဖြိုးမှုရှိလာစေရန် လေ့ကျင့်ပြုစုပျိုးထောင်ပေးရေး လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ နယ်စပ်ဒေသရှိ ကျေးလက်နေ တိုင်းရင်းသူအမျိုးသမီးများ မိမိကိုယ်ပိုင် အသက်မွေးဝမ်းကြောင်း ပညာရပ်ဖြင့် ဘဝရပ်တည်နိုင်စေရန်၊ အမျိုးသမီးအိမ် တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းမှ သင်ကြားတတ်မြောက်သည့် အသက်မွေးဝမ်းကြောင်း ပညာရပ်များဖြင့် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများ ထူထောင်နိုင်သည့် အထိကူညီဆောင်ရွက်ကြရန်၊ အမျိုးသမီးငယ်များရဲ့ အသိအမြင်မြင့်မားရေး၊ အလုပ်အကိုင် အခွင့်အလမ်းများဖန်တီပေးနိုင်ရေး၊ ဘဝရပ်တည်မှုခိုင်မာစေရေးအတွက် သင်တန်းများဖွင့်လှစ်ပေးကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းမှ ဆရာမကြီး ဒေါ်စိုးစိုးက အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ်(၅) သင်တန်းကို သင်တန်းသူ(၃၀)ဦး တက်ရောက်ခဲ့ပြီး ၂၅-၁၀-၂၀၂၂ နေမှ စတင်ဖွင့်လှစ်ပြီး သင်တန်းကာလ (၂၀)ပတ်ကြာသင်ကြားပေးမည်ဖြစ်ကြောင်း၊ စက်ချုပ်ဘာသာရပ် (၁၅)မျိုး၊ လက်မှုဘာ သာရပ်(၁၀)မျိုး၊ မုန့်လုပ်နည်းဘာသာရပ်၊ အချက်အပြုတ်ဘာသာရပ်များ သင်ကြားပေးပြီး သင်တန်းသူများအား တိုင်းချစ်၊ပြည်ချက်၊ မျိုးချက်စိတ် အစဉ်ရှင်သန်ထက်မြတ်နေစေရေးအတွက် ပြည်ထောင်စုစိတ်ဓါတ်သင်ခန်းစာ ဘာသာရပ်၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး၊ ကျန်းမာရေးအသိပညာပေး၊ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲများ၊ ကြက်ခြေနီ အခြေခံရှေ့ဦးပြုစုနည်း သင်တန်းများကို ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း သင်တန်းတွင်လိုအပ်သည့် သင်တန်းသုံးပစ္စည်းများ၊ သင်ထောက်ကူပစ္စည်းများနှင့် နယ်ဝေးသင်တန်းသူများကို အဆောင်နေ သင်တန်းသူအဖြစ် လက်ခံထားရှိပြီး နေထိုင်စားသောက်စရိတ်နှင့် အသွားအပြန် ခရီးစရိတ်များ ထောက်ပံ့ပေးလျက်ရှိကြောင်း၊ နယ်စပ်ဒေသတွင် နေထိုင်သည့်ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုသည့် ရည်ရွယ်ချက် (၅)ရပ်ဖြင့် တိုင်းရင်းသား/ တိုင်းရင်းသူများ၏ ပညာရည်မြင့်မားရေးနှင့် ဘဝရပ်တည်မှုခိုင်မာစေရန် အလုပ်အကိုင် အခွင့်အလမ်းများရှိစေရန်၊ အသိပညာ၊ အတတ်ပညာများကို သင်ကြားပေးမည့်အကြာင်းများ ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
စိုးမင်းထွန်း (ပြန်/ဆက်)