ရန်ကုန်-နေပြည်တော်အမြန်လမ်းမကြီး(၀)မိုင်တိုင်တွင် မော်တော်ယာဉ်နှင့် ခရီးသွားပြည်သူ များကို ကျန်းမာရေး စစ်ဆေးခြင်းများ ပုံမှန်ဆောင်ရွက်

လှည်းကူး စက်တင်ဘာ ၁၈


ကိုဗစ်−၁၉ ရောဂါကူးစက်မှုနှုန်းမြင့်မားလာ၍ ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် ရန်ကုန်-နေပြည်တော် အမြန်လမ်းမကြီး (၀)မိုင်တိုင်တွင် မော်တော်ယာဉ်နှင့် ခရီးသွား ပြည်သူများကို ကျန်းမာရေးစစ်ဆေးခြင်းများ ပုံမှန်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကိုဗစ်−၁၉ ကြောင့်ဖြစ်ပွားသော အဆုတ်ရောင်ရောဂါ ကာကွယ်ထိန်းချုပ်ခြင်း၊ ကျန်းမာရေး စစ်ဆေး ခြင်းနှင့် ရောဂါဆက်လက်ပြန့်ပွားမှုမရှိစေရေးတို့အတွက် ရန်ကုန်တိုင်းဒေသကြီး အတွင်းသို့ အခြား တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ဝင်ရောက်လာသူများကို ရန်ကုန်-နေပြည်တော် အမြန်လမ်းမကြီး(၀)မိုင်တိုင်ရှိ ကျန်းမာရေးစစ်ဆေးဂိတ်တွင် ခရီးသွားပြည်သူ များအား ကိုယ်အပူချိန်တိုင်းတာခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်း နှင့် ခရီးသွားမှတ်တမ်းများ စစ်ဆေးခြင်းတို့ကို စနစ်တကျ အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိပြီး  ရောဂါလက္ခဏာ ပေါ်ပေါက်လာ ပါက အချိန်မီကုသမှုခံယူနိုင်ရေးအတွက် စစ်ဆေးဆောင်ရွက်လျက်ရှိပါတယ်ဟု အမြန်လမ်း (၀)မိုင်တွင် တာဝန်ထမ်းဆောင်နေသော ကျန်းမာရေးတာဝန်ခံထံမှ သိရသည်။
ရန်ကုန်-နေပြည်တော်အမြန်လမ်းမကြီး၌ ခရီးသွားပြည်သူများအား ကျန်းမာရေး စစ်ဆေးခြင်း ကို ဩဂုတ်လကုန်ပိုင်းမှစ၍ ဒုတိယအကြိမ် ပြန်လည်ဆောင်ရွက်ခဲ့ကြောင်း၊ ယခုအခါ ကိုဗစ်−၁၉ ရောဂါကူးစက်မှုမရှိစေရန်  ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ (Stay at Home) သတ်မှတ်ထားသော မြို့နယ်(၂၁)မြို့နယ်မှ (၄၄) မြို့နယ်တွင် နေထိုင်သူများအနေဖြင့် ကျန်းမာရေး ဆိုင်ရာကိစ္စရပ်နှင့် အရေးကြီးကိစ္စရပ်များမှအပ ရန်ကုန် တိုင်းဒေသကြီးပြင်ပသို့ ခရီးသွားလာခြင်းကို ကန့်သတ်တားမြစ်ထားကြောင်း သိရသည်။
အလားတူ ရန်ကုန်-ပဲခူးလမ်းဟောင်းရှိ မင်းလွင်ကုန်းပူးပေါင်းစစ်ဆေးဂိတ်တွင်လည်း ခရီးသွား ပြည်သူများအား ကိုယ်အပူချိန်တိုင်းတာခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်းနှင့် ခရီးသွား မှတ်တမ်းများ စစ်ဆေးခြင်း တို့ကို စနစ်တကျ အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိပြီး  ရောဂါ လက္ခဏာ ပေါ်ပေါက်လာပါက အချိန်မီကုသမှုခံ ယူနိုင်ရေးအတွက် စစ်ဆေးဆောင်ရွက်လျက် ရှိပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်းမှ အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်နှင့် အရေးကြီးကိစ္စရပ်များအပ ထွက်ခွာသွားလာခွင့်မရှိကြောင်း၊ ထိုသို့ ဝင်ရောက်လာသူများကိုလည်း ကျန်းမာရေးဆိုင်ရာကိစ္စရပ်နှင့် အရေးကြီးကိစ္စရပ် များကိုသာ ဖြတ်သန်းသွားလာခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ စစ်ဆေးရေးဂိတ်(၂)ခုတို့မှ ရန်ကုန်တိုင်းဒေသကြီးအတွင်းသို့  ဝင်ရောက်လာသော ခရီးသွားများကို အသွားအလာကန့်သတ်သည့်အနေဖြင့် Home    Quarantine နေထိုင် ထားရှိမည်ဖြစ်ရာ ကုန်စည် စီးဆင်းမှု ပြတ်တောက်မှုမရှိစေရေးအတွက် ကုန်တင်ယာဉ်များကို သာ ဝင်/ထွက်သွားလာခွင့် ပြုထားကြောင်း သိရသည်။
နိုင်လင်း(လှည်းကူး)