ဒဂုံမြောက် အောက်တိုဘာ ၂၆
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်၌ အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော မြန်မာ့သိုင်း၊ တိုက်ကွမ်ဒို၊ စားပွဲတင်တင်းနစ်၊ Fitnessdance သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက အမှတ်(၂၈)ရပ်ကွက်၊ ဗိုလ်ဖိုးစောလမ်းရှိ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းခန်းမတွင် ကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနား၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူးဦးလတ်ပိုင်ဦးက “ကျောင်းသား၊ ကျောင်းသူများ ကျန်းမာကြံ့ခိုင်ပြီး ကာယဉာဏစာရိတ္တ ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန်၊ ဘက်စုံထူးချွန်ထက်မြက်သော လူငယ်မောင်မယ်များ ပေါ်ထွက်လာစေရန်၊ မြို့နယ်အတွင်း မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရန်၊ အားကစားပြုလုပ်ခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများအား သိရှိနားလည်စေရန် ရည်ရွယ်ဖွင့်လှစ်ခြင်း ဖြစ်သည့်အတွက် ကျောင်းသားလူငယ်များအတွက် အလွန်အကျိုးရှိပြီး အခြေခံပညာအထက်တန်းကျောင်း(၃)ကျောင်းတွင် ဖွင့်လှစ်ပေးခဲ့သည့်အတွက် အနာဂတ်တွင် ကျန်းမာကြံခိုင်သော လူငယ်များပေါ်ထွန်းလာမည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော မြန်မာ့သိုင်း၊ တိုက်ကွမ်ဒို၊ စားပွဲတင်တင်းနစ်၊ Fitnessdance သင်တန်းသား သင်တန်းသူများမှလည်း နိုင်ငံတော်အတွက် အားထားရမည့် ထူးချွန်ထက်မြက်သော အားကစားသမားများ ဖြစ်ပေါ်လာစေရန် စဉ်ဆက်မပြတ် ဆက်လက် လေ့ကျင့်သွားကြရန်လိုအပ်ကြောင်း” အမှာစကားပြောကြားပြီး သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးနှင့် ပြည်နယ် ကျောင်းပေါင်းစုံ ဝူရှူးပြိုင်ပွဲတွင် ရွှေတံဆိပ်ရရှိခဲ့သော ကျောင်းသူ(၂)ဦးအား ဂုဏ်ပြုဆုချီးမြှင့်ခဲ့ပြီး သင်တန်းသား/ သူများက မြန်မာ့သိုင်း၊ Fitness Dance၊ အားကစားနည်းများဖြင့် သရုပ်ပြသခဲ့ကြသည်။ မိုးရာသီအခြေခံ အားကစား သင်တန်းအားနည်းပြ (၉) ဦး၊ သင်တန်းသား/သူ (၃၅၀)ဦးတို့ဖြင့် တစ်လခွဲကြာ သင်ကြားပို့ချ ပေးခဲ့ခြင်းဖြစ်ကြောင်း သတင်းရသည်။
မြင့်မြင့်ရီ(ဒဂုံမြောက်)