ကျောက်ဆည်မြို့တွင် ကွမ်းခြံများ အောင်မြင်ဖြစ်ထွန်းပြီး အထွက်နှုန်းကောင်းသဖြင့် အဆင်ပြေ

ကျောက်ဆည် အောက်တိုဘာ ၂၆

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့တွင် ကွမ်းခြံများ အောင်မြင်ဖြစ်ထွန်းပြီး အထွက်နှုန်းကောင်းမွန်သဖြင့် ကွမ်းစိုက်တောင်သူများသည် အဆင်ပြေလျက်ရှိကြောင်း သံရွာကျေးရွာမှ ကွမ်းစိုက်တောင်သူများထံမှ သိရသည်။

ကွမ်းစိုက်ပျိုးမည်ဆိုပါက ကုန်ကျစရိတ်များသော်လည်း နှစ်ရှည်သီးနှံဖြစ်သောကြောင့် အောင်မြင်ဖြစ်ထွန်းပါက အကျိုးအမြတ်များကြောင်းနှင့် ယခင်နှစ်များတွင် ကွမ်းရွက်ဈေးမကောင်း၍ ကွမ်းစိုက်တောင်သူများအနေဖြင့် ကွမ်းခြံများ ဂရုစိုက်မှုနည်းသဖြင့် ကွမ်းခြံ အများအပြား ပျက်စီးကြကြောင်း ယခုအခါ ကွမ်းရွက်ဈေး ပြန်လည်ကောင်းမွန်သောကြောင့် အောင်မြင်သည့် ကွမ်းခြံပိုင်ရှင်များ အဆင်ပြေလျက်ရှိကြောင်း ငါးလုံကုန်းကျေးရွာမှ ကွမ်းစိုက်တောင်သူ ဦးမြင့်သောင်းက ပြောပြ၍ သိရသည်။

ကျောက်ဆည်မြို့နယ်တွင် သံရွာ၊ ညွှန့်ပင်၊ အေးရွာ၊ အရှေ့သပြေသာ၊ မှိုင်းပန်၊ ကုလရွာ၊ ကျားကာ၊ ဈေးရွာ၊ ရဲကြီး၊ ကိုးပင်၊ မြောင်းဦး၊ ပွတ္တိုင်၊ ငါးလုံကုန်း၊ ပုထိုးတိုင်၊ အနောက်ငယ်တိုး ကျေးရွာများတွင် ကွမ်းအများဆုံး စိုက်ပျိုးကြကြောင်း မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ သိရသည်။

သက်မောင်(ကျောက်ဆည်)