မလှိုင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ထပ်တိုးကျေးရွာဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း(VDP)ကျေးရွာသို့ ကွင်းဆင်းဆောင်ရွက်

မလှိုင် အောက်တိုဘာ ၂

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ခုဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း(VDP) ထပ်တိုးရွေးချယ် အတည်ပြုထားသော ရေနီကျေးရွာအုပ်စု၊ ကံကလေးကျေးရွာ၊ ရွာဦးဓမ္မာရုံ၌ ယနေ့နံနက်(၉)နာရီ အချိန် တာဝန်ရှိသူများမှ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မလှိုင်မြို့နယ်တွင် လက်ရှိဘဏ္ဍာရေးနှစ်၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (VDP) အစီအစဉ်ဖြင့် ကျေးရွာ (၈)ရွာအား တစ်ရွာလျှင် ခွင့်ပြုငွေကျပ်(၁၀၀) သိန်းနှင့် ပြည်သူလူထု ထည့်ဝင်ငွေတို့ဖြင့် စုပေါင်း၍ ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်း၊ ဂျင်းမြေခင်းခြင်းလုပ်ငန်းတို့အား ဆောင်ရွက်ပြီးစီးပြီးဖြစ်ပါကြောင်း၊ ယခုကျေးရွာအား ထပ်တိုးကျေးရွာဖြင့် အတည်ပြုရွေးချယ်ထားပြီးဖြစ်သဖြင့် ကံကလေးကျေးရွာနေ မိဘပြည်သူများမှ ရာနှုန်းပြည့်လုပ်ငန်းပြီးစီး အောင် စည်းစည်းလုံးလုံးဖြင့် ပူးပေါင်းဆောင်ရွက်ကြရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်က တိုက်တွန်းပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်စုစု ဦးဆောင်၍ အစုအဖွဲ့များ စုဖွဲ့ပြီးနောက် တက်ရောက်လာကြသူများထဲမှ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းလုပ်ငန်းကော်မတီအား အတည်ပြုရွေးချယ်ပြီး ကျေးရွာတွင်း (၂)လမ်းသွား အရှည်(၆၅၀)ပေ၊ အကျယ်(၁၂)ပေ၊ ထု(၆)လက်မ ကွန်ကရစ်လမ်းခင်းရန် အတည်ပြုပြီးနောက် အဆိုပါနေရာသို့ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ စီမံကိန်းလုပ်ငန်းကော်မတီအဖွဲ့တို့မှ ကွင်းဆင်းတိုင်းတာခဲ့ကြောင်း သိရသည်။

အောင်ဌေး(မလှိုင်)