သိန္နီ အောက်တိုဘာ ၂၆
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင် သိန္နီမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူလူငယ်များ မြန်မာစာ စာလုံးပေါင်းသတ်ပုံများအား မှန်ကန်စွာသိရှိစေရန် ရည်ရွယ်၍ စာလုံးပေါင်းသတ်ပုံအမှန်ရွေးချယ်ပြိုင်ပွဲကို လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ယမန်နေ့မွန်းလွဲပိုင်းအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အိအိသိမ့်က ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်နှင့် ပြိုင်ပွဲတွင်သတ်မှတ်ထားသော စည်းကမ်းချက်များအား ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ ပြိုင်ပွဲအားကျင်းပရာ အမှတ်(၁) အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)မှ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူ(၁၅)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ ပြိုင်ပွဲအပြီးတွင် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများကို ပထမဆု၊ ဒုတိယဆု၊ တတိယဆုများအား တာဝန်ရှိသူများက အသီးသီးချီးမြှင့်ခဲ့ကြသည်။ “ယခုလို ကျောင်းသား၊ကျောင်းသူများအား ပြိုင်ပွဲများကျင်းပပေးခြင်းဖြင့် မြန်မာစာလုံးပေါင်းသတ်ပုံများကို မှန်ကန်စွာသိရှိခြင်း၊ အားလပ်ချိန်များတွင် စာပေဖတ်ရှုခြင်းဖြင့်အချိန်ကို အကျိုးရှိစွာ အသုံးချတတ်လာခြင်းစသည့် အကျိုးကျေးဇူးများကိုရရှိသည့်အတွက် ဝမ်းမြောက်မိကြောင်း၊ နောင်တွင်လည်း ယခုလိုပြိုင်ပွဲများကို များများပြုလုပ်ပေးစေလိုကြောင်း” ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းအုန်းရီ၏ ပြောကြားချက်အရ သိရသည်။
မြို့နယ်(ပြန်/ဆက်)