မိုင်းရှူး အောက်တိုဘာ ၂၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်တွင် မြို့နယ်အဆင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ(TCRC)အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီက မိုင်းရှူး၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီဥက္ကဋ္ဌ ဦးစိုးလင်းထိုက်က အဖွင့်အမှာစကားပြောကြားပြီး ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အတွင်းရေးမှူး ဦးရဲလင်းထွဋ်က TCRC အစည်းအဝေးပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်၊ ကလေးသူငယ်အခွင့်အရေး (၄)ရပ်၊ အခြေခံမူ(၄)ရပ်အကြောင်းနှင့် လက်ရှိလုပ်ဆောင်နေသော ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းအကြောင်း ဆွေးနွေးခဲ့သည်။
ဆက်လက်၍ တက်ရောက်လာကြသည့် TCRC အဖွဲ့ဝင်များက ကလေးသူငယ်အခွင့်အရေးများဆိုင်ရာနှင့်ပတ်သက်သည့် အကြောင်းအရာများ အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။ ထို့နောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီဥက္ကဋ္ဌ ဦးစိုးလင်းထိုက်က ကလေးသူငယ်များ၏အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ခြင်း၊ အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊ ကလေးငယ်များ ပြစ်မှုမကျူးလွန်စေရေးအတွက် အားလုံးပူးပေါင်းပါဝင်ကူညီဆောင်ရွက်ကြစေလိုကြောင်း ပြောကြားခဲ့သည်။
အဆိုပါ အခမ်းအနားတွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ(၂၀)ဦး တက်ရောက်ဆွေးနွေးကြကြောင်း သိရသည်။
သန်းလူ(ပြန်/ဆက်)