ကွမ်းလုံမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် စာဖတ်စွမ်းရည်မြှင့်တင်ရေး စာဖတ်ဝိုင်းပြုလုပ်

ကွမ်းလုံ အောက်တိုဘာ ၂၆

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ ကွမ်းလုံမြို့၌ ယမန်နေ့မွန်းလွဲ(၂)နာရီအချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာရေးဆရာ ချစ်နိုင်ရေးသားထားသည့် ဘဝအောင်မြင်ရေးအခြေခံအကြောင်းများခေါင်းစဉ်ဖြင့် စာဖတ်စွမ်းရည်မြှင့်တင်ရေးစာဖတ်ဝိုင်းကို ကွမ်းလုံမြို့နယ် အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသား/ကျောင်းသူများဖြင့် ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါစာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစိုင်းနိုင်လင်းက စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီး ဒုတိယဦးစီးမှူး ဒေါ်အိဇာချိုက ဘဝအောင်မြင်ရေး အခြေခံအကြောင်းများတွင်ပါဝင်သည့် တိကျပန်းတိုင်နှင့် စိတ်ဓာတ်ကြံ့ခိုင်ခြင်းအကြောင်းအရာများဖြင့်လည်းကောင်း၊ ကွမ်းလုံမြို့နယ်အခြေခံပညာအထက်တန်းကျောင်းမှ Grade-9 ကျောင်းသူများဖြစ်ကြသည့် မဇွန်စုစုစံနှင့် မစန်းစန်းမွန်တို့က ပိုင်နိုင်လုံခြုံ၊ သတင်းစုံ၊ စွမ်းအားစုသုံး၊ မဖြုန်းအင်အားနှင့် နေထားပြင်လွယ်အစရှိသည့် အကြောင်းအရာများဖြင့် စာဖတ်ဝိုင်းအားဆောင်ရွက်ခဲ့ကြပြီး ကျောင်းသားကျောင်းသူများမှ မိမိတို့ဖတ်ရှုလိုသည့် စာအုပ်စာစောင်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ပြည်သူ့စာကြည့်တိုက်တွင် အခမဲ့ငှားရမ်းဖတ်ရှုခဲ့ကြသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကွမ်းလုံမြို့နယ်ရုံးရှိ Community Centre ခန်းမတွင် စာဖတ်ဝိုင်းများ၊ ပြပွဲ/ပြိုင်ပွဲများနှင့် အသိပညာပေးလုပ်ငန်းများကို လစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)