ချမ်းမြသာစည် အောက်တိုဘာ ၂၆
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ကျောင်းသား/သူ လူငယ်များ ကျန်းမာကြံ့ခိုင်ပြီး ဗလငါးတန်နှင့်ပြည့်စုံစေရေး၊ အသိပညာဗဟုသုတ ဖွံ့ဖြိုးတိုးတက်စေရေး မူးယစ်ဆေးဝါး၏ ဆိုးကျိုးများကို သိရှိရှောင်ရှားနိုင်ရေးတို့ကို ရည်ရွယ်၍ အခြေခံပညာဦးစီးဌာနနှင့် ပူးပေါင်းပြီး အသိပညာပေးဟောပြောပွဲများ ပြပွဲ၊ပြိုင်ပွဲများကို လစဉ်ကျင်းပပေးလျက်ရှိရာ ယနေ့နံနက် ၉:၃၀ နာရီက ဦးစီးဌာနရုံးရှိ Community Centre ခန်းမတွင် မူးယစ်ဆေးဝါး၏ ဆိုးကျိုးအန္တရာယ်များအကြောင်း အသိပညာပေးဟောပြောပွဲ၊ စကားပုံဆက်ပြိုင်ပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲတို့ကို ကျင်းပခဲ့သည်။
အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်စိမ်း၀င်းက မူးယစ်ဆေးဝါး၏ ဆိုးကျိုးများ၊ ရှောင်ရှားသင့်သည့် အချက်အလက်များ၊ မူးယစ်ဆေးဝါး သုံးစွဲခြင်းကြောင့် စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ဖြစ်ပေါ်ခံစားရမှုများ စသည်တို့ကို ရှင်းလင်းဟောပြောခဲ့သည်။ ဆက်လက်ပြီး ဒုတိယဦးစီးမှူး ဒေါ်မြင့်ကေသွယ်ခိုင်နှင့် ၀န်ထမ်းများက ကျောင်းသား/သူများအား စကားပုံဆက်ကားချပ်များဖြင့် စကားပုံဆက်ပြိုင်ပွဲကို ကျင်းပပြီးနောက် ပြည်သူ့စာကြည့်တိုက်ခန်းမတွင် "လူငယ်နှင့်မူးယစ်ဆေးဝါး" ခေါင်းစဉ်ဖြင့် စာစီစာကုံးပြိုင်ပွဲကို ဆက်လက်ကျင်းပခဲ့သည်။ ထို့နောက် ပြိုင်ပွဲများတွင် ဆုရရှိကြသူများအား မြို့နယ်ဦးစီးမှူးနှင့်အတူ ကြီးကြပ်ဆရာ၊ ဆရာမများက ဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ဆက်လက်ပြီး ကျောင်းသား/သူများသည် ပြည်သူ့စာကြည့်တိုက်အတွင်း ခင်းကျင်းပြသထားသော စာအုပ်/စာစောင်များနှင့် နံရံကပ်စာစောင်များအား စိတ်ပါ ၀င်စားစွာ ကြည့်ရှုလေ့လာခဲ့ကြသည်။ အဆိုပါ အခမ်းအနားသို့ အခြေခံပညာအထက်တန်းကျောင်း(၃)ကျောင်းမှ အလယ်တန်းအဆင့် ကျောင်းသား/သူများ၊ ကြီးကြပ်ဆရာ/မများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခင်စိမ်း၀င်း (ပြန်/ဆက်)