ကျောက်ဆည် စက်တင်ဘာ ၂၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာတံစိုးကျေးရွာ၌ စိုက်ပျိုးထားသည့် ကြက်သွန်နီစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
ကြက်သွန်နီ တစ်ဧက စိုက်ပျိုးမည်ဆိုပါက မျိုးစေ့(၂)ပြည်ပျိုးထောင်စိုက်ပျိုးရကြောင်း၊ ပျိုးသက်နုချိန်တွင် ပြောင်းရွေ့စိုက်ပျိုးရပြီး ကုန်ကျ စရိတ်အနေဖြင့် မျိုးစေ့ဘိုး(၄၀၀၀၀)ကျပ်၊ စိုက်ပျိုးမြေပြင် ထွန်၊ ထယ်စရိတ်(၃၀၀၀၀၀)ကျပ်၊ ပျိုးနုတ်ပြောင်းရွေ့ စိုက်ပျိုးစရိတ်(၂၀၀၀၀၀) ကျပ်၊ မြေဆီမြေဩဇာ (၅၀၀၀၀၀)ကျပ်၊ ပိုးနှင်ဆေး၊ ပိုးသတ်ဆေး(၃၀၀၀၀၀)ကျပ်ခန့်ကုန်ကျကြောင်း ကြက်သွန်နီစိုက် တောင်သူ ဦးဇင်သူပြောပြ၍ သိရသည်။
ကျောက်ဆည်မြို့နယ်တွင် တိုက်နယ်(၁၂)ခုရှိပြီး ကြက်သွန်စိုက်ဧက(၉၇၀၅)ဧက စိုက်ပျိုးရန် လျာထားခဲ့ရာ မင်းစု၊ စပါယ်တော၊ ရွှေအင်း၊ လေးဆယ်ကုန်း၊ တော်တွင်၊ မြေစိုပါယ်ကျေးရွာများတွင် (၂၇၃)ဧက စိုက်ပျိုးပြီးဖြစ်ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)