မိုင်းယု အောက်တိုဘာ ၂၆
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၊ မိုင်းယုမြို့၊ မိုင်းလွေကျေးရွာအုပ်စု၊ မိုင်းလွေကျေးရွာရှိ ဘုန်းကြီးကျောင်း၌ ကျေးလက်နေပြည်သူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် စစ်ကြောင်းကြီးငါးကြောင်းဖြင့် ယနေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ ဆောင်ရွက်မှုတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေက အမှာစကားပြောကြားပြီး အုပ်ချုပ်ရေး၊ နိုင်ငံရေး၊ ဒေသဖွံ့ဖြိုးရေး၊ လူမှုရေးနှင့်စည်းရုံးရေးစစ်ကြောင်းမှ အဖွဲ့ခေါင်းဆောင်တို့က ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေးရွာ၏လိုအပ်ချက်များကို ဖြည့်ဆည်းပေးဆောင်ရွက်ပေးမည့် မိမိတို့၏လုပ်ငန်းတာဝန်များ၊ လုပ်ဆောင်ချက်များကို အသီးသီးရှင်းလင်းပြောကြားကြသည်။
ထို့နောက် ကျေးရွာတာဝန်ခံ အုပ်ချုပ်ရေးမှူးနှင့် ရွာသူရွာသားများက ပညာရေး၊ ကျန်းမာရေး၊ သောက်သုံးရေလုံလောက်စွာရရှိရေး၊ လမ်းတံတားနှင့် ကျေးရွာမီးလင်းရေးစသည့် ကျေးရွာဖွံ့ဖြိုးရေးအတွက် လိုအပ်ချက်များကို ပြန်လည်ဆွေးနွေးတင်ပြကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးက သက်ဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကိုကိုနိုင်