(၇၅)ကြိမ်မြောက် မောက်မယ်မြို့နယ်လုံးဆိုင်ရာ မဟာဘုံကထိန် အလှူတော်မင်္ဂလာ ကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

မောက်မယ် အောက်တိုဘာလ ၂၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်တွင် အစဉ်အလာမပျက်နှစ်စဉ် ကျင်းပပြုလုပ်သည့် (၇၅) ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ မဟာဘုံကထိန် အလှူတော်မင်္ဂလာအခမ်းအနား စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၁၀ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသက်နိုင် က (၇၅) ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ မဟာဘုံကထိန် အလှူတော်မင်္ဂလာ အခမ်းအနားကို အစဉ်အလာ မပျက်နှစ်စဉ်ကျင်းပလျက်ရှိရာ ယခုနှစ်တွင်လည်း ဌာနဆိုင်ရာများနှင့် ပြည်သူများစုပေါင်း၍ မဟာဘုံကထိန် အလှူတော် မင်္ဂလာအခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ဝိုင်းဝန်းပူးပေါင်းလုပ်ကိုင်ဆောင်ရွက်နိုင်ရန် အစည်းအဝေးခေါ်ယူ တွေ့ဆုံရခြင်းဖြစ်ကြောင်း၊ ဘာသာရေး အခမ်းအနားဖြစ်သောကြောင့် မြန်မာ့ဓလေ့ထုံးတမ်း အစဉ်အလာနှင့်အညီ စည်စည်ကားကားဖြစ်အောင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း၊ သံဃာတော်များကို ကြိုဆိုပင့်ဆောင်ရမည့်ကိစ္စရပ်များ၊ ပဒေသာပင် လှည့်လည်ပူဇော်ရမည့် ကိစ္စရပ်များ၊ ဆွမ်း၊ ကွမ်းချက်ပြုတ်ရေးနှင့် ကျွေးမွေးဧည့်ခံရမည့် ကိစ္စရပ်များ၊ ပဒေသာပင်များအား မဲဖေါက်ပေးရမည့် ကိစ္စရပ်များနှင့် ပို့ဆောင်ရမည့်ကိစ္စရပ်များအား ဌာနဆိုင်ရာများအနေဖြင့် ဝိုင်းဝန်းအကြံပြုဆွေးနွေးစေလိုကြောင်း ပြောကြားသည်။

အဆိုပါ အခမ်းအနားသို့ တက်ရောက်လာကြသော ဌာနဆိုင်ရာများက အခမ်းအနားပြင်ဆင်ရေး၊ ဘဏ္ဍာငွေဆိုင်ရာနှင့် ပဒေသာပင်လှူဒါန်းနိုင်ရေး ဆိုင်ရာလုပ်ငန်း၊ သံဃာတော်များပင့်ဆောင်ရေး၊ ပဒေသာပင်များ နေရာချထားရေး၊ ထိန်းသိမ်းရေးနှင့်ပို့ဆောင်ရေးလုပ်ငန်းများ၊ ဖိတ်ကြားရေး စသည်များကို အပြန်အလှန်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

စိုင်းမျိုးသန့်(မောက်မယ်)