ကျောက်ဆည် စက်တင်ဘာ၂၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ဆီထွက်သီးနှံဖူလုံပိုလျှံရေး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဒေသနှင့်ကိုက်ညီသည့် နေ ကြာမျိုးစေ့များ ဖြန့်ဖြူးပေးလျက်ရှိပြီး စိုက်ခင်းများ အောင်မြင် ဖြစ်ထွန်းရေးနှင့် သီးနှံအထွက်နှုန်းကောင်းမွန်ရေး နည်းပညာများကူညီပံ့ပိုးလျက်ရှိရာ ယနေ့နံနက် (၁၀)နာရီက မှိုင်းပန်ကျေးရွာ၊ကွင်းအမှတ်(၂၃၀/ဃ)၊တောင်သူဦးဝင်းနိုင်၏ မျိုးစေ့ထုတ်မိုးနေကြာ (၁၀) ဧကအား စံကွက်ရိတ်သိမ်းခဲ့ရာ တစ်ဧက(၃၁)တင်း ထွက်ရှိကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ်အနေဖြင့် မျိုးစေ့ထုတ်မိုးနေကြာများကို မှိုင်းပန်ကျေးရွာတွင်(၅၅)ဧက၊ ကလေးကျေးရွာတွင်(၅)ဧက၊ တောင်တော်ကျေးရွာတွင်(၁၂.၅၀)ဧက၊ ရှားပင်ကျေးရွာတွင်(၃၁)ဧက၊ ဒွေးလှ ကျေးရွာ တွင်(၆၉.၅၀)ဧက၊ ကျီးအိပ်ကျေးရွာတွင်(၁၃)ဧက၊ကြောင်ပန်းကုန်းကျေးရွာတွင်(၁၄)ဧက စိုက် ပျိုးထားကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
သိပ္ပံနည်းကျ နေကြာစိုက်ပျိုးမည်ဆိုပါ မြေချဉ်ငံဓာတ်(၅.၅မှ၈)အတွင်းရှိသော အစိုဓာတ်ထိန်းနိုင်သည့် နုန်းမြေဆန်သော သဲနုန်းမြေများတွင် ကောင်းစွာဖြစ်ထွန်းပြီး ဒေသနှင့်ကိုက်ညီသည့် မျိုးကောင်းမျိုးသန့်များကို မိုးရာသီတွင် မေလ၊ ဇွန်လများ၊ ဆောင်းရာသီတွင် စက် တင်ဘာလ၊ အောက်တိုဘာလများတွင် စိုက်ပျိုးသင့်ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)