တံတား အောက်တိုဘာ ၂၆
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ တံတားမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျောင်းသားလူငယ်များ ကာယဉာဏဖွံ့ဖြိုးတိုးတက်စေရန်၊ စာအုပ်စာပေများအား လေ့လာဖတ်ရှုလိုသည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန်၊ တစ်ဦးနှင့်တစ်ဦး အပြန်အလှန်ဆွေးနွေးရာမှ အသိပညာဗဟုသုတများ တိုးပွားလာစေရန်၊ ပူးပေါင်းဆောင်ရွက်လိုသည့် စိတ်ဓာတ်များ ဖြစ်ပေါ်လာစေရန်၊ စာဖတ်ရှိန်မြှင့်တင်ဆောင်ရွက်ခြင်းဖြင့် စာဖတ်ခြင်းအကျိုးကျေးဇူးကို သိရှိနားလည်နိုင်စေရန်ရည်ရွယ်၍ (Youth Club)အဖွဲ့ဝင် ကျောင်းသားလူငယ်များနှင့် ပူးပေါင်း၍ စာရေးဆရာ အောင်သင်းရေးသားသည့် ပညာနှင့်ကန်တော့ခြင်း စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့ မွန်းလွဲ (၃)နာရီအချိန်က ပြုလုပ်ဆောင်ရွက် ခဲ့သည်။
အဆိုပါ စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါ်မိုးဖြူလွင်က သုတနှင့်ပညာခေါင်းစဉ်ဖြင့် ဦးဆောင်ဆွေးနွေးရာတွင် သုတဆိုသည်မှာ အကြားအမြင်မှတ်သားဆည်းပူးခြင်း၊ ပညာဆိုသည်မှာထိုအကြားအမြင်တို့ကို ကျိုးကြောင်း ဆက်စပ်တွေးတောခြင်းဖြစ်ကြောင်း၊ တစ်နည်းအားဖြင့် လိမ္မာရေးခြားဟု အဓိပ္ပါယ်ရကြောင်း၊ ပညာသင်ခြင်းဆိုသည်မှာ လိမ္မာရေးခြားရှိအောင် သင်ပေးခြင်းဖြစ်ကြောင်း ဆွေးနွေးပြောကြား ပြီးနောက် (Youth Club)အဖွဲ့ဝင် မောင်ခန့်အောင်ဆွေနှင့် မဝတ်ရည်ဖြိုးတို့က ပညာနှင့်ကန်တော့ခြင်း ခေါင်းစဉ်ဖြင့် အပြန်အလှန် ဆွေးနွေးပြောကြားကာ တက်ရောက်လာသော (Youth Club) အဖွဲ့ဝင် ကျောင်းသား၊ ကျောင်းသူများမှ စာအုပ်ပါအကြောင်းအရာများဖြင့် အသီးသီးဖတ်ကြား ဆွေးနွေးခဲ့ကြောင်း သိရသည်။
မိုးဖြူလွင် (တံတား)