မင်္ဂလာတောင်ညွန့်မြို့နယ်တွင် Quarantine Centre အဖြစ် ဆောင်ရွက်မည့် သိမ်ဖြူလက်ဝှေ့ရုံအတွင်း ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများအား တာဝန်ရှိသူများမှ ကွင်းဆင်းကြည့်ရှု

ရန်ကုန် စက်တင်ဘာ ၁၈

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ် နိုင်ရေးအတွက် သိမ်ဖြူလက်ဝှေ့ရုံတွင် ပြင်ဆင်ဆောင်ရွက်ထားရှိသည့် Quarantine Centre ရှိ ပြင်ဆင် ဆောင်ရွက်နေမှုအခြေအနေများအား မြို့နယ်တာဝန်ရှိသူများက ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်း ကြည့်ရှုခဲ့ကြသည်။

ထိုသို့ကွင်းဆင်းကြည့်ရှုရာတွင်  ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိသူများနှင့် အနီးကပ်ထိတွေ့ခဲ့သူ Primary Contact များ ထားရှိမည့် နေရာများအတွက် ပြင်ဆင်ဆောင်ရွက်နေမှုများ၊ နေ့စဉ်ထမင်းနှင့် ဟင်းများ ကျွေးမွေးနိုင်ရေးအတွက် စီစဉ်ထားရှိမှုများ၊ စွန့်ပစ်အမှိုက်များအပေါ် စီဉ်ဆောင်ရွက်မှုများ၊ Quarantine ဝင်ရောက်သူများ လိုက်နာနေထိုင်ရမည့် စည်းကမ်းချက်များအား သိရှိနိုင်စေရန် အသိပညာပေးဆောင် ရွက်ရမည့်အချက်များအပေါ် ပြင်ဆင်ဆောင်ရွက်ထားရှိမှုများအား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်း၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးခင်လှိုင်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သီဟ နှင့် မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးမင်းလှိုင်တို့က ဆွေးနွေးခဲ့ကြသည်။

သိမ်ဖြူလက်ဝှေ့ရုံတွင် ဆောင်ရွက်ထားသည့် Quarantine Centre တွင် စက်တင်ဘာ ၁၆ ရက်နေ့မှ စတင်ကာ မင်္ဂလာတောင်ညွန့် မြို့နယ်အတွင်းမှ ကိုဗစ်-၁၉ Positive တွေ့ရှိသူများနှင့် အနီးကပ်ထိတွေ့ ခဲ့သူ Primary Contact (၃၄)ဦးကို စတင်ထားရှိခဲ့ပြီး ၎င်းတို့အတွက် ကျန်းမာရေးစောင့်ရှောက်မှုများ၊ လုံခြုံရေးချထား မှုများကို ဆောင်ရွက်ပေးထားကြောင်း သိရသည်။ ထို့အပြင် အမှတ်() အခြေခံပညာအထက်တန်းကျောင်းကိုလည်း  Quarantine Centre အဖြစ် ထပ်မံဆောင်ရွက်နိုင်ရန် ကြိုတင်ပြင်ဆင် ထားရှိသွားမှာဖြစ်ကြောင်း သိရသည်။

ချစ်စုဝေ (ပြန်/ဆက်)