ကော့မှူး အောက်တိုဘာ ၂၆
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ Book Club အဖွဲ့များဝင်များ၊ စာပေချစ်မြတ်နိုးသူများနှင့်စာဖတ်ဝိုင်းကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ ကျင်းပခဲ့ကြောင်းသိရသည်။
စာဖတ်ဝိုင်းတွင် ကော့မှူးမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဇာခြည်စိမ့်က မြို့နယ်အတွင်းရှိ Book Club အဖွဲ့ဝင်များ၊ စာပေဝါသနာရှင်များနှင့်လူငယ်လူရွယ်များ အပြန်အလှန်ဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်ရည်ရွယ်၍ စာဖတ်ဝိုင်းကို ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးနည်းလမ်းများနှင့်အညီ အစဉ်အမြဲကျင်းပနေကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍စာပေချစ်မြတ်နိုးသူများအသင်းမှ Book Club အသင်းအဖွဲ့ဝင် မြို့နယ်စာရေးဆရာအသင်းမှ (အတွင်းရေးမှူး)ဦးခင်ဇော်(ခင်ဇော်ကော့မှူး)က စာရေးဆရာမ ဒေါက်တာခင်စန်းမော်ရေးသားသည့် “ပညာရှင်စိတ်ထား” စာအုပ်ထဲကဘဝလှေကားထစ်များ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အဖွဲ့ဝင်ဦးကြည်ဌေးက “ဘဝအချိုးအကွေ့” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဦးနိုင်ဝင်းက “စဉ်ဆက်မပြတ်လေ့လာသင်ယူခြင်း” ခေါင်းစဉ်တို့ဖြင့် ဆွေးနွေးပြောကြားခဲ့သည်။ ထို့နောက် Book Club အဖွဲ့ဝင်ဦးခင်ဇော် (ခင်ဇော်ကော့မှူး)က ဦးဆောင်ဆွေးနွေးသူအဖြစ်ဆောင်ရွက်ပြီး စာပေချစ်မြတ်နိုးသူများက စာအုပ်ပါ အကြောင်းအရာများကို အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ကျော်သူရ (ကော့မှူး)