ကွမ်းခြံကုန်းမြို့နယ်၌ စာဖတ်ရှိန်မြင့်မားရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲပြသ

ကွမ်းခြံကုန်း   အောက်တိုဘာ  ၂၆

ရန်ကုန်တိုင်းဒေသကြီး၊  ရန်ကုန်တောင်ပိုင်းခရိုင်၊  ကွမ်းခြံကုန်းမြို့နယ်၊ အခြေခံပညာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ စာပေကိုပိုမိုဖတ်ရှုနိုင်စေရန်၊ စာပေနှင့်ရင်းနှီးကျွမ်းဝင်မှုရှိစေရန်နှင့် စာပေမှရရှိသည့် ဗဟုသုတများစွာရရှိနိုင်စေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲများကို ယမန်နေ့ကကွမ်းခြံကုန်းမြို့နယ်၊ မြေနီကုန်းကျေးရွာ အ-မ-ကကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နန့်ဆွေနွယ်ဦးက စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာဖတ်ခြင်း၏အကျိုးကျေးဇူး၊ လူငယ်နှင့်အကျင့်စာရိတ္တအကြောင်းအရာတို့ကို ဟောပြောဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူများအား စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာအုပ်စာစောင်များဖတ်ရှုလေ့လာခြင်းနှင့်ပြသထားသော ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်သည့် အသိပညာပေးနံရံကပ်စာစောင်၊ မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေးနံရံကပ်စာစောင်၊ လူကုန်ကူးမူဆိုင်ရာသိကောင်းစရာနံရံကပ်စာစောင်များ၊ မိုးရာသီတွင်ဖြစ်ပေါ်လာမည့် ဆိုင်ကလုန်းမုန်တိုင်းနှင့် သဘာဝဘေးအန္တရာယ်ကူညီကယ်ဆယ်ရေး နံရံကပ်စာစောင်များပြသထားရာ ကျောင်းသား၊ ကျောင်းသူများမှ   စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုကြကြောင်း သိရသည်။

ဆွေနွယ်(IPRD)