မိတ္ထီလာ အောက်တိုဘာ ၂၆
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် မျိုးကောင်းမျိုးသန့် ချည်မျှင်ရှည်ဝါမျိုးစေ့များ ပြန်လည်ဖြန့်ဖြူးရောင်းချနိုင်ရေးအတွက် စိုက်ပျိုးထားရှိသည့် မိုးနှောင်းချည်မျှင်ရှည်ဝါ မျိုးစေ့ ထုတ်လုပ်ငန်းများအား တာဝန်ရှိသူများက ယမန်နေ့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
မိတ္ထီလာခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်မျိုးစေ့ပိုးမွှားတာဝန်ခံ ဒေါ်စန္ဒာထွန်းနှင့် တာဝန်ရှိ သူများက ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် မြို့နယ်စိုက်ပျိုးရေးဦစီးဌာနမှ မျိုးကောင်းမျိုးသန့် ချည်မျှင်ရှည်ဝါမျိုးစေ့များ ပြန်လည်ဖြန့်ဖြူးရောင်းချနိုင်ရေး မြို့နယ်အတွင်း စိုက်ပျိုးထားရှိသည့် မျိုးစေ့ထုတ် မိုးနှောင်းချည်မျှင်ရှည်ဝါ စိုက်ဧကများတွင် အပင်သက်တမ်းတစ်လျှောက် ကြီးထွားမှု အဆင့်အတိုင်း ပိုးမွှားကင်းစင်ရေးအတွက် ကင်းထောက်မှတ်တမ်း ကောက်ယူသည့်နည်းစနစ်ဖြင့် စိုက်ကွင်းအတွင်း ကွင်းဆင်းဆောင်ရွက်ပြီး လိုအပ်လာပါက အပင်သားခွဲခြင်းလုပ်ငန်း၊ ပိုးမွှား ကင်းစင်အောင် ကြိုတင်ကာကွယ်ခြင်းလုပ်ငန်းများနှင့် အပင်ကြီးထွားစေရန် သဘာဝမြေသြဇာများ ထည့်သွင်းခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
မြို့နယ်စိုက်ပျိုးရေးဦစီးဌာနမှ မျိုးကောင်းမျိုးသန့် ချည်မျှင်ရှည်ဝါမျိုးစေ့များ ပြန်လည်ဖြန့်ဖြူး ရောင်းချနိုင်ရေးအတွက်၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ်တွင် မြို့နယ်အတွင်းရှိ ညောင်မြင့်၊ ကွက်ငယ်၊ ကန်တောင်၊ ဝါးရုံ၊ ရေချိုကျေးရွာများရှိ ကွင်း(၁၀)ကွင်းမှ တောင်သူ ၈၅ ဦးက မျိုးစေ့ထုတ် မိုးနှောင်းချည်မျှင်ရှည်ဝါ စိုက်ဧက ၁၇၇ ဧကတို့ကို ဇူလိုင်လ တတိယအပတ်မှ စတင်၍ စိုက်ပျိုး လျက်ရှိပြီး စိုက်ပျိုးရာတွင်လည်း ရွှေတောင်- ၈ နှင့် ရွှေတောင် -၁၀ ဝါမျိုးများကို စိုက်ပျိုး ထားရှိကြောင်း သိရသည်။
သိန်းမြင့်ကျော် (မိတ္ထီလာ)