ဗန်းမော် စက်တင်ဘာ ၁၈
ကချင်ပြည်နယ် ဗန်းမော်မြို့တွင် ပညာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ကွန်ပျူတာတက္ကသိုလ် (ဗန်းမော်)မှ ဒုတိယပါမောက္ခချုပ် ဒေါက်တာမေဖြိုးဦးက ဦးဆောင်ကြီးကြပ်၍ ကျောင်းသား(၅)ဦးတို့အား တီထွင်ဖန်တီးပြုလုပ်ထားသော ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်၊ ထိန်းချုပ်ရေးနှင့် စောင့်ကြည့်စစ်ဆေးရေး ဂိတ်တို့တွင် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုသော အပူချိန်တိုင်းကင်မရာကို ယမန်နေ့မွန်းလွဲ ၂ နာရီခန့်က ဗန်းမော်မြို့ အဝင်အထွက်ဂိတ်(၂)ခုတွင် တပ်ဆင်လှူဒါန်းပေးခဲ့ကြောင်း သိရ သည်။
အဆိုပါလှူဒါန်းပေးအပ်ရာတွင် ဗန်းမော်မြို့ စီအင်ကျေးရွာရှိ ဗန်းမော်-မိုးမောက် သွားလမ်း မြို့အဝင်အထွက် စစ်ဆေးရေးဂိတ်တွင် လည်းကောင်း၊ ဗန်းမော်မြို့ စီဟဲကျေးရွာရှိ ဗန်းမော်-မံစီသွားလမ်း မြို့အဝင်အထွက်စစ်ဆေးဂိတ်၌ လည်းကောင်း ဒုတိယပါမောက္ခချုပ် ဒေါက်တာမေဖြိုးဦးနှင့် ကျောင်းသားများက တပ်ဆင်လှူဒါန်းပေးအပ်ရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမြင့်လှိုင်နှင့် တာဝန်ရှိသူများက လက်ခံခဲ့ကြသည်။
အပူချိန်တိုင်းကင်မရာကို တီထွင်ဖန်တီးပြုလုပ်ခြင်းဖြင့် အချိန်နှင့်လုပ်သားအင်အား သက်သာစွာ စီမံခန့်ခွဲနိုင်ခြင်း၊ တစ်ဦးချင်းစီ Digital Thermometer နှင့်တိုင်းစရာ မလိုဘဲ Stand တစ်ခုဖြင့် အပူချိန်တိုင်း ကင်မရာမှ တစ်ဆင့် လူအများအား အပူချိန်တိုင်းတာနိုင်ခြင်း၊ Andriod Phone ၊ Laptop ၊ TV တို့ဖြင့်လည်း အပူချိန်တိုင်းတာရလဒ်နှင့် ရုပ်ပုံများအား စောင့်ကြည့်စစ်ဆေးမှတ်တမ်းတင်နိုင်ခြင်း၊ ကိုယ်အပူချိန် မြင့်မားပါက အချက်ပေးသံဖြင့် သတိပေးခြင်း၊ လူလူချင်း ထိတွေ့မှုမရှိ၍ ရောဂါ ကူးစက်ခြင်းမှ ကင်းဝေးစေခြင်း၊ လျှပ်စစ်မီး မရရှိသည့် အခါတွင်လည်း ဓာတ်ခဲဖြင့် ဆက်လက်အသုံးပြုနိုင်ခြင်းနှင့် လျှပ်စစ် Charging စနစ်ပါဝင်သည့်အတွက် လျှပ်စစ်မီးဖြင့် အားဖြည့်သွင်းနိုင်ခြင်း အကျိုးကျေးဇူးများကို ရရှိစေနိုင်ကြောင်း ဒုတိယပါမောက္ခချုပ် ဒေါက်တာမေဖြိုးဦး ထံမှ သိရသည်။
ကိန်းဖြူ(ပြန်/ဆက်)