ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ခရိုင်/ မြို့နယ် ဌာနဆိုင်ရာများနှင့် အလှူရှင်များ၏ ဒုတိယအကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ပွဲတော် ကျင်းပနိုင်ရေး  လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

မောင်တော အောက်တိုဘာ ၂၆

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပမည့် ခရိုင်/ မြို့နယ် ဌာနဆိုင်ရာများနှင့် အလှူရှင်များ၏ ဒုတိယအကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ပွဲတော် ကျင်းပနိုင်ရေး  လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နေ့လယ် ၁ နာရီအချိန် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  ဦးနေဦးက အဖွင့်အမှာစကားပြောကြားရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပမည့် ခရိုင်/ မြို့နယ် ဌာနဆိုင်ရာများနှင့် အလှူရှင်များ၏ ဒုတိယအကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ပွဲတော် ကျင်းပနိုင်ရေးကိစ္စရပ်များ၊  ဌာနများအလိုက် ပဒေသာပင်များ ဆောင်ရွက်နေမှု အခြေအနေများ၊ မဟာဘုံကထိန်ဖြစ်မြောက်ရေးကော်မတီမှ ဆောင်ရွက်နေသည့် လုပ်ငန်းတာဝန်များကို သက်ဆိုင်ရာ ဌာနများအလိုက် ဆွေးနွေး တင်ပြကြရန်  လိုအပ်ကြောင်း ပြောကြားခဲ့ပြီးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  ဦးကံထွန်းအောင်က ဌာနများအလိုက် ပဒေသာပင်များ ဆောင်ရွက်နေမှု ကိစ္စရပ်များ ပဒေသာပင်လှည့်လည်ရေး ကိစ္စရပ်များ၊  မြို့နယ်အတွင်း ကထိန်မရရှိသေးသောကျောင်းများနှင့် ပင်သံဃာများကို  ဘုံကထိန် ဆက်ကပ်ရန် လျာထားမှု အခြေအနေများအား  ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ ခရိုင်သာသနာရေးဦးစီးဌာန၊ ခရိုင်သာသနာရေးမှူးမှ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၆ ရက်၊ တန်ဆောင်မုန်းလဆန်း(၁၄)ရက်နေ့တွင် သီရိမင်္ဂလာခန်းမ၌  ကိုဗစ်-၁၉ ရောဂါကာကွယ်နိုင်ရေး စည်းကမ်းချက်များနှင့်အညီ ခရိုင်/ မြို့နယ် ဌာနဆိုင်ရာများနှင့် အလှူရှင်များ၏ ဒုတိယအကြိမ်မြောက် စုပေါင်း မဟာဘုံကထိန်ပွဲတော်ကျင်းပမည့် အခြေအနေများ၊ ပွဲကျင်းပသည့်နေ့တွင် ပဒေသာပင်များစီတန်းလှည့်လည်နိုင်ရေးနှင့် ဆောင်ရွက်မည့် အစီအစဉ်များအား ဆွေးနွေး တင်ပြခဲ့သည်။ ထို့နောက် တက်ရောက်လာကြသော ဌာနဆိုင်ရာများ တာဝန်ရှိသူများက  မဟာဘုံကထိန်ဖြစ်မြောက်ရေး ကော်မတီများ၏ ကဏ္ဍအလိုက် လုပ်ဆောင်မည့် လုပ်ငန်းတာဝန်များအား အသီးသီး ဆွေးနွေးတင်ပြကြရာ  တင်ပြချက်များအပေါ် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။

သက်လွင်စိုး(ခရိုင် ပြန်/ဆက်)