မိုင်းယောင်း အောက်တိုဘာ ၂၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ဝါးပိုးများ ရောင်းအားကောင်းပြီး စျေးကောင်းလည်းရနေသောကြောင့် ယခုအခါ ဝါးပိုးရှာဖွေ ရောင်းချသူများ မိသားစုဝင်ငွေ အဆင်ပြေနေကြကြောင်း သိရသည်။
“ဝါးပိုးတွေကို မနှစ်က အနည်းငယ်သာဈေးရပြီး ဒီနှစ်က ဝါးပိုး တစ်ဆယ်သားလျှင် ကျပ် ၆၀၀၀ မှ ကျပ် ၇၀၀၀ အထိ စျေးကောင်းလည်းရနေတာကြောင့် သဘာဝအလျောက် တောတောင်တွေမှာ ပေါက်ရောက်နေတဲ့ ဝါးရုံထဲက ဝါးပိုးရှိတဲ့ ဝါးလုံးတွေကို ဒီနှစ်များများ ရှာဖွေခုတ်ယူနေပါတယ်”ဟု ဝါးပိုးရှာဖွေရောင်းချသူ အမျိုးသမီးတစ်ဦးက ပြောကြားသည်။
မိုင်းယောင်း၌ ပွင့်လင်းရာသီအခါသမယတွင် ထပ်လုံ၊ ရွှေညောင်ပင်၊ ကိုရင်ကြီးတောရကျောင်း စသည့် တန်ခိုးကြီးဘုရားများကို လာရောက်ဖူးမြော်သူများ၊ အနယ်နယ်အရပ်ရပ်က ဘုရားဖူးဧည့်သည်များရှိနေပြီး အပြန်လက်ဆောင်အဖြစ် အရသာထူးကဲသော မိုင်းယောင်းဝါးပိုးကို နှစ်နှစ်ခြိုက်ခြိုက် ဝယ်ယူကြကြောင်း သိရသည်။
ဝါးပိုးများကို ဆီအနည်းငယ်နှင့် ကြွပ်ကြွပ်ကြော်၍လည်းကောင်း၊ ကြက်ဥနှင့် မွှေကြော်၍ လည်းကောင်း မိမိကြိုက်နှစ်သက်သော အရသာဖြင့် အလွယ်တကူ အမျိုးမျိုးပြုလုပ် စားသုံးနိုင်သည့်အတွက် မိုင်းယောင်းဒေသထွက် ဝါးပိုးများကို လူငယ်လူရွယ်များ၊ အထူးသဖြင့် အခြားဒေသလူများက ခံတွင်းတွေ့နေကြကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း