မိုင်းယုမြို့၌ ကိုဗစ်-၁၉ ရောဂါကာလတွင် ဘိုးဘွားများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်ပေးခြင်း လုပ်ငန်းများဆောင်ရွက်

မိုင်းယု စက်တင်ဘာ ၁၈

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယုမြို့တွင် မြို့ပေါ်နှင့် ကျေးလက်နေ အသက် ၆၀ နှစ်အထက် သက်ကြီး ဘိုးဘွားများ ရောဂါဘယကင်းဝေးပြီး ကျန်းမာကြံ့ခိုင်၍ အသက်ရာကျော်ထိ အေးချမ်းသာယာသော မိသားစုတို့နှင့် အတူ နေထိုင်နိုင်ရန်အတွက်  အခမဲ့ကျန်းမာရေး စောင့်ရှောက်ပေးခြင်း လုပ်ငန်းများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်နှင့်အညီ မိုင်းယုပြည်သူ့ဆေးရုံ၌ အခမဲ့ ဆက်လက်ကုသ ဆောင်ရွက် ပေးနေလျက်ရှိသည်။

အဆိုပါ ဆေးကုသပေးမှုတွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တိုက်နယ်ဆရာဝန် ဒေါက်တာ အောင်အောင်ဝင်းထွဋ် ဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများက မြို့ပေါ်နှင့် ရပ်ကွက်/ကျေးလက်နေ အသက် (၆ဝ)နှစ်အထက် သက်ကြီး ဘိုးဘွားများကို ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလကစတင် ကျန်းမာရေး ဆိုင်ရာ အသိပညာပေး ဟောပြောပေးခြင်း၊ အထွေထွေရောဂါဝေဒနာ ပေါင်းစုံအား စမ်းသပ်ပေးခြင်း၊  ကုသပေးခြင်းနှင့် လိုအပ်သောဆေးဝါးများ အခမဲ့ဆောင်ရွက် ပေးခြင်းလုပ်ငန်းကို တစ်ပတ်လျှင် တစ်ကြိမ်ဖြင့် ပြုလုပ်ပေး ခဲ့ရသည်။

ယခုအချိန်တွင် ကိုဗစ်-၁၉ ရောဂါ အခြေအနေများကြောင့် သက်ကြီးဘိုးဘွားများကို တစ်လလျှင် တစ်ကြိမ် ဖြင့်သာ ပြည်သူ့ဆေးရုံတွင် ဆက်လက်ကုသပေးနေ လျက်ရှိကြောင်း၊ လာရောက်ကုသသည် ဘိုးဘွား မျာကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်နှင့်အညီ ပြုလုပ်ပေးကာ ဆေးဝါးများ ကုသပေးခြင်း၊ ဆေးကုသ ပြီးသည့် ဘိုးဘွားများကို ဆေးရုံအတွင်း အချိန်ကြာကြာမထိုင်စေပဲ ကုသပြီးသည့်နှင့် ကိုဗစ်-၁၉ရောဂါ အခြေအနေအရ ချက်ချင်းပြန်ခိုင်း စေခြင်း၊ ဝေးလံပြီးမလာရောက်နိုင်သည့် ဘိုးဘွားများကိုလည်း ၎င်း၏ဆွေမျိုးများမှ ဆေးစာအုပ်ပြကာ ဆေးဝါးများ လာရောက်ထုတ်ယူနိုင်ပါကြောင်း၊ ဆေးပေးထားသည့် ဘိုးဘွားများ ကိုလည်း ဆေးပတ်ပြည့်၍ ဆေးကုန်လျှင် ထပ်မံလာရောက်ကာ အခမဲ့ဆေးများ ယူဆောင် နိုင်ပါကြောင်း မိုင်းယုတိုက်နယ်ဆရာဝန်ထံမှ သိရသည်။

ကိုကိုနိုင်(ပြန်/ဆက်)