လှိုင်သာယာ(အရှေ့ပိုင်း) အောက်တိုဘာ ၂၅
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် သာသနာ့ဗိမာန်သုံးထပ်ဆောင်တွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသောတိုင်းရင်းသားအခွင့်အရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းကို ယမန်နေ့နံနက်က ကျင်းပပြုလုပ်သည်။
အသိပညာပေးဟောပြောပွဲတွင် ရခိုင်တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ ပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြုအသက်မွေးဝမ်းကြောင်း ပညာလိုအပ်ချက်တို့ကို မြန်မာနိုင်ငံလုံးဆိုင်ရာ ရခိုင်အရပ်ဘက်အဖွဲ့အစည်းများ ကွန်ယက်အသင်းဥက္ကဋ္ဌ ဦးမောင်မောင်သိန်းဖေမှပြောကြားခြင်း၊ တိုင်းရင်းသားကလေးသူငယ်များ ကျောင်းစတင်အပ်နှံချိန်တွင် မိမိတို့လူမျိုးများ၏ ဝိသေသရှေ့ဆောင်စကားလုံးများပါဝင်သည့် ကျောင်းအမည်စာရင်းရေးသွင်းနိုင်ရေး အသိပညာပေးခြင်းနှင့် ပန်းခင်းစီမံချက်အစရှိသည်များကို မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန တာဝန်ရှိသူမှပြောကြားခြင်း၊ သမဝါယမအကြောင်းသိကောင်းစရာများကို သမဝါယမဦးစီးဌာနတာဝန်ရှိသူမှပြောကြားခြင်း၊ နိုင်ငံသားအခွင့်အရေး၊ အမျိုးသမီးများအခွင့်အရေး၊ မသန်စွမ်းအခွင့်အရေး၊ လူ့အခွင့်အရေး၊ ကလေးသူငယ်အခွင့်အရေး၊ လူငယ်ရေးရာမူဝါဒများ၊ လူမှုရေးပင်စင်အသိပညာပေးခြင်းတို့ကို လူမှုဝန်ထမ်းဦးစီးဌာနအင်းစိန်ခရိုင်လက်ထောက်ညွှန်ကြားရေးမှူးမှပြောကြားခြင်း၊ တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ အသိပညာပေးခြင်းနှင့် ရပ်ရွာအခြေပြုအသက်မွေးဝမ်းကြောင်းပညာလိုအပ်ချက်များ၊ တိုင်းရင်းသားဥပဒေ၊ နည်းဥပဒေများကို ဒုတိယညွှန်ကြားရေးမှူးဒေါ်ဖြူဖြူဝင်းမှ ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်အတွင်း မပြည့်စုံသောမိသားစုများအား ဆန်၊ ဆီ၊ ကြက်ဥအိမ်ထောင်စု(၃၅၀)အတွက် ဂန္တဝင်ဖြူစင်ပရဟိတအသင်းသူ၊ အသင်းသားများ၊ မန်နေဂျာဒေါ်သိန်းခင်နှင့်အလှူရှင်များက ထောက်ပံ့လှူဒါန်းလျက်ရှိသည်။ အသိပညာပေးဟောပြောပွဲသို့ တက်ရောက်လာသော ဌာနဆိုင်ရာများကိုလည်း လက်ဆောင်ပစ္စည်းများအသီးသီးပေးအပ်ပြီး လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ရခိုင်တိုင်းရင်းသူ၊ တိုင်းရင်းသားများတက်ရောက်လျက်ရှိကြောင်း သိရသည်။
ခင်၀င်းမူ(ပြန်/ဆက်)