ရေး အောက်တိုဘာ ၂၅
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန မွန်ပြည်နယ်၊ ရေးမြို့နယ် အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း၌ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ်(၄)သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉နာရီက အဆိုပါသင်တန်း ကျောင်းခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ(ကိုယ်စား) ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးလွင်က သင်တန်းဖွင့်အမှာ စကားပြောကြားရာ သင်တန်းသူများအနေဖြင့် ဒီသင်တန်းကို တက်ရောက်ခြင်းကြောင့် အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန်နှင့် သင်တန်းရဲ့ ရည်ရွယ်ချက်အတိုင်း ကိုယ်ပိုင်စီးပွားရေးလုပ်ငန်း လုပ်ကိုင်နိုင်ရေးအတွက် အပ်ချုပ်စက်များကို အရစ်ကျ စနစ်ဖြင့်ရောင်းချပေးနေသလို မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအဖွဲ့နှင့် ပူးပေါင်း ဆက်သွယ်ညှိနှိုင်း၍ အိမ်တွင်းမှုသင်တန်းကျောင်းဆင်း သင်တန်းသူများအား ရန်ကုန်မြို့ အထည်ချုပ်စက်ရုံများတွင်အလုပ်အကိုင်ရရှိရေးအတွက် ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ စီစဉ်ဆောင်ရွက်ပေးမှုကြောင့် သင်တန်းသူများအနေဖြင့် စက်ချုပ်ပညာရပ်များနှင့် ဆက်စပ်သည့် ဘာသာရပ်များကို သေချာစနစ်တကျ သင်ယူကြရန် ပြောကြားခဲ့သည်။ သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးလွင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကိုကိုဦး၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌတို့တက် ရောက်ခဲ့ကြသည်။
အဆိုပါ သင်တန်းရှိ သင်တန်းသူ (၁၅) ဦးအား (၂၅-၁၀-၂၀၂၂) ရက်နေ့မှ (၂၄-၃-၂၀၂၃) ရက်နေ့ထိ (၁၈)ပတ်ကြာ စာတွေ့၊ လက်တွေ့သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး သင်တန်းသူများ အလုပ်အကိုင်ရရှိရေးအတွက် ဒေသတွင်းရှိ လုပ်ငန်းရှင်များနှင့် ချိတ်ဆက်၍ ဒေသလိုအပ်ချက် ဈေးကွက်ထုတ်ကုန် ပစ္စည်းများလုပ်ကိုင်ဆောင်ရွက်ခြင်းဖြင့် ဝင်ငွေရရှိစေရန်နှင့် လုပ်ငန်းခွင်အတွင်း ဝင်ရောက်လုပ်ကိုင်နိုင်သည်အထိ လေ့ကျင့်သင်ကြားပေးသွားမည်ဖြစ်ကြောင်း အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်ကျောင်း တာဝန်ရှိသူထံမှ သိရသည်။
ရေး၊ ပြန်/ဆက်