တပ်ကုန်း အောက်တိုဘာ ၂၅
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် မြို့နယ်ဂီတအစည်းအရုံး အလုပ်အမှုဆောင်အဖွဲ့(ယာယီ)က လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီခွဲက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပသည်။
အဆိုပါညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်ဂီတအစည်းအရုံး နာယကများဖြစ်ကြသည့် ဦးဇော်လွင်၊ ဦးတင်လွန်း၊ ဦးညွန့်အောင်၊ ဦးညွန့်ဝင်းတို့က မြို့နယ်ဂီတအစည်းအရုံးအဖွဲ့ကို လူနည်းစုအားဖြင့် ဖွဲ့စည်းထားသော်လည်း မြို့နယ်အတွင်းမှ ဂီတပညာရှင်များ၊ ဝါသနာရှင်များဖြင့် အဖွဲ့ဝင်အင်အားတိုးပွားရေးဆောင်ရွက်သွားရန်၊ အဖွဲ့ဝင်များ ချစ်ခင်ရင်းနှီးပြီး၊ စည်းလုံး ညီညွတ်စွာဖြင့် လုပ်ငန်းများတိုးတက်အောင် ဆောင်ရွက်ရေးဆွေးနွေးပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်ဂီတအစည်းအရုံး(ယာယီ)ဥက္ကဋ္ဌ ဦးကျော်စိုးလွင်က အဖွဲ့ဝင်များနှင့်အတူ ရန်ပုံငွေရှာဖွေရေး၊ လစဉ်ပုံမှန်အစည်းအဝေးပြုလုပ်နိုင်ရေး၊ ဂီတအစည်းအရုံး ဆိုင်းဘုတ်စိုက်ထူတည်ထောင်နိုင်ရေးနှင့် မြို့နယ်ဂီတအစည်းအရုံးအဖွဲ့၏ ရည်ရွယ်ချက်များကို ရှင်းလင်းတင်ပြခဲ့ပြီး နောက်အဖွဲ့ဝင်များက သိရှိလိုသည်များ မေးမြန်းခဲ့ရာ နာယကများနှင့်(ယာယီ)ဥက္ကဋ္ဌတို့က ပြန်လည် ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
တင်စိုးလွင်