မူဆယ် အောက်တိုဘာ ၂၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့၊ အိမ်တွင်းမှုသင်တန်းကျောင်းခန်းမ၌ ယနေ့နံနက် ၉ နာရီအချိန်က နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း၏ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ် သင်တန်းအမှတ်စဉ်(၃) သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားတွင် မူဆယ်ခရိုင် ဒုတိယအုပ်ချုပ်ရေးမှူး ဦးကျော်သူက သင်တန်းဖွင့်ပွဲ အမှာစကားပြောကြားရာတွင် နယ်စပ်ဝန်ကြီးဌာနထဲတွင် လူစွမ်းအားအရင်းအမြစ်ဖြစ်သည့် အိမ်တွင်း မှုသက်မွေးပညာများတတ်မြောက်စေရန် သင်တန်းများ ဖွင့်လှစ်လျက်ရှိကြောင်း၊ အိမ်တွင်းမှုစက်ချုပ်သင်တန်း တက်ရောက်ကြသော သင်တန်းသူများတတ်အပ်သော အတတ်ပညာများတတ်စေဖို့ရန်၊ အိမ်တွင်းမှုသက်မွေးသင်တန်းကျောင်းကို သင်တန်းသူများအနေဖြင့် အချိန်မှန်မှန် ကြိုးကြိုးစားစားသင်ယူသွားရန် ပြောကြားခဲ့သည်။ ဆက်လက်ပြီး အမျိုးသမီးအိမ်တွင်းမှုသင်တန်းကျောင်း၏ ကျောင်းအုပ်ကြီးဒေါ်နန်းစောရင်က အိမ်တွင်းမှုသက်မွေးပညာသင်တန်းကျောင်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက် ပြောကြားရာတွင် အိမ်တွင်းမှုသင်တန်းကျောင်း ပိုမိုကျယ်ပြန့်ထွန်းကားလာစေရန်၊ သင်တန်းပြီးဆုံးချိန်တွင်လည်း သင်တန်းသူများကို အလုပ်အကိုင်များ ရရှိထောက်ပံ့ပေးနိုင်စေရန်၊ ယခုတက်ရောက်သောသူများမှာ မူဆယ်၊နမ့်ခမ်း၊ကွတ်ခိုင်မြို့များမှ ကချင်၊ ဗမာ၊ ရှမ်း၊ ပလောင်တိုင်းရင်းသူများဖြစ်ကြောင်း၊ သင်တန်းကာလတွင် သင်တန်းသူများ တိုင်ရင်းသားအချင်းချင်း ချစ်ကြည်ရင်းနှီးစေရေး မောင်နှမစိတ်ရင်းစိတ်ဓာတ်နှင့် စည်းစည်းလုံးလုံးဖြစ်နေစေဖို့အတွက် ပြည်ထောင်စုစိတ်ဓာတ်ရှင်သန်ထက်မြက်နိုင်စေရန်အတွက်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် မူဆယ်ခရိုင်ဒုတိယအုပ်ချုပ်ရေးမှူးနှင့် သက်ဆိုင်ရာတာဝန်ရှိဌာနဆိုင်ရာများက အိမ်တွင်းမှုသင်တန်းကျောင်းတွင် ခင်းကျင်းပြသထားသည့် သင်တန်းသူများ ကိုယ်တိုင်ချုပ်လုပ်ခဲ့သော တိုင်းရင်းသားရိုးရာဝတ်စုံများအား လိုက်လံကြည့်ရှုခဲ့သည်။ အဆိုပါအခမ်းအနားကို သင်တန်းသူ(၃၀) ဦးနှင့် သက်ဆိုင်ရာတာဝန်ရှိ ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ချယ်ရီမြေ(မူဆယ်)