မြောက်ဥက္ကလာပ စက်တင်ဘာ ၁၈
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ပြီး မဲဆန္ဒရှင် ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိစေရေးအတွက် မဲရုံများတွင် အဆိုင်းခွဲ ဆောင်ရွက်ရန်နှင့် လိုအပ်သည်များကို ကြိုတင်ပြင်ဆင်နိုင်ရန် ရန်ကုန်တိုင်းဒေသ ကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပ မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ယမန်နေ့ မွန်းလွဲ ၂ နာရီက ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းရာတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးသန့်စင်နှင့် အဖွဲ့ဝင်များက မဲရုံအဖြစ် ဆောင်ရွက်မည့် တံတားကြီးရပ်ကွက်၊ (ဃ)ရပ်ကွက်၊ (ည)ရပ်ကွက်များသို့ ကွင်းဆင်းခဲ့ပြီး ဆောင်ရွက်ရမည့် အခြေအနေများကို ရပ်ကွက်ကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌများအား လမ်းညွှန်မှာကြားခဲ့ ကြောင်းနှင့် မြို့နယ်တွင် မဲရုံပေါင်း(၂၃၈)ရုံ ထားရှိဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရ သည်။
မြောက်ဥက္ကလာပမြို့နယ်တွင် အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အတွက် ပါတီ(၆)ခု၊ ပြည်သူ့ လွှတ်တော် မဲဆန္ဒနယ်အတွက် ပါတီ(၇)ခု၊ တိုင်းဒေသကြီးလွှတ်တော်မဲဆန္ဒနယ် အမှတ်(၁)အတွက် ပါတီ(၈)ခု၊ တိုင်းဒေသကြီးလွှတ်တော်မဲဆန္ဒနယ် အမှတ်(၂)အတွက် ပါတီ(၇)ခု၊ ရန်ကုန်တိုင်းဒေသကြီးမဲဆန္ဒနယ် ကရင်တိုင်းရင်းသားလူမျိုးအတွက် ပါတီ(၇)ခု၊ ရခိုင်တိုင်ရင်းသားလူမျိုးအတွက် ပါတီ(၆) ခုတို့မှ အသီးသီးဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး ပထမအကြိမ် မဲစာရင်းကပ်ထားကြေညာမှုအရ မဲဆန္ဒရှင် ဦးရေ စုစုပေါင်း (၂၅၀၁၂၃)ဦး ဖြစ်ကြောင်း ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
မြမြဝင်း (ပြန်/ဆက်)