လားရှိုး အောက်တိုဘာ ၂၅
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ အမျိုးသမီးအိမ်တွင်းမှုသက်မွေးပညာသင်တန်းကျောင်းတွင် ယနေ့နံနက်(၉)နာရီအချိန်က အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်းအမှတ်စဉ်(၄) သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် နိုင်နိုင်ဦးက ‘ယနေ့အချိန်အခါတွင် နိုင်ငံတော်အစိုးရအနေဖြင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီးအတွင်း တောင်ပေါ်မြေပြန့်အကြားအလပ်မရှိ၊ ကွာဟမှုမရှိစေဘဲ ဘက်ပေါင်းစုံဖွံ့ဖြိုးတိုးတက်လာအောင် ဆောင်ရွက်ပေးလျက်ရှိရာ ဝန်ကြီးဌာန အသီးသီးတို့မှလည်း မိမိတို့အကောင်အထည်ဖော်ဆောင်ရွက်ရမည့်လုပ်ငန်းများအား ကဏ္ဍအလိုက် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးပညာသင်တန်းကျောင်းများကို ရည်ရွယ်ချက်(၅)ရပ်ဖြင့် ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ သင်တန်းဆင်းပြီး သင်တန်းသူများကိုလည်း အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ နိုင်ငံတော်ကကောင်းမွန်သည့် ရည်ရွယ်ချက်များဖြင့် ဖွင့်လှစ်ပေးထားသည့်သင်တန်းဖြစ်သည့်အတွက် သင်တန်းသူများအနေဖြင့် သင်ခန်းစာများကို လေးစားစွာလိုက်နာသင်ယူသွားကြရန်နှင့် တက်မြောက်ထားသည့် ပညာရပ်များကိုအခြေခံပြီး မိသားစုဝင်ငွေတိုးစေမည့် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများနှင့် ခိုင်မာစွာရပ်တည်နိုင်အောင် ကြိုးစားဆောင်ရွက်ကြရန်နှင့် ဌာနဆိုင်ရာများ၊ ကျောင်းကြီးကြပ်ရေးကော်မတီများအနေဖြင့် သင်တန်းကျောင်း၏ လိုအပ်ချက်များကို တက်နိုင်သည့်ဘက်မှကူညီဆောင်ရွက်သွားကြရန်’ ပြောကြားခဲ့သည်။ ဆက်လက်၍ သင်တန်းကျောင်းအုပ် ဒေါ်မာမာမင်းက သင်တန်းကျောင်းဆိုင်ရာ အချက်အလက်မျာအား ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်နိုင်နိုင်ဦးနှင့် တက်ရောက်လာသော ခရိုင်/ မြို့နယ်ဌာနဆိုင်ရာများ တက်ရောက်လာသော ဧည့်သည်တော်များက သင်တန်းကျောင်းအတွက် ပါးစပ်နှာခေါင်းစည်း Mask များနှင့် အလှူငွေများထောက်ပံ့ပေးအပ်ရာ သင်တန်းကျောင်းအုပ် ဒေါ်မာမာမင်းက လက်ခံရယူခဲ့သည်။ အဆိုပါ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်းအမှတ်စဉ်(၄)သင်တန်းသို့ ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်းမှ သင်တန်းသူ(၃၅)ဦး တက်ရောက်သင်ကြားလျက်ရှိပြီး သင်တန်းကာလမှာ ရက်သတ္တ ပတ်(၂၂)ပတ်ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။
စိုင်းအောင်ကျော်စိုး