ပန်းဘဲတန်းမြို့နယ်တွင် ပြည်သူများလက်ဝယ်အရောက် ဆန်၊ ဆီ၊ ကြက်ဥများအား သက်သာသောဈေးနှုန်းဖြင့် ဆက်လက်ရောင်းချခြင်းနှင့် Mask Campaign ဆောင်ရွက်

ပန်းဘဲတန်း  အောက်တိုဘာ ၂၅

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ပန်းဘဲတန်းမြို့နယ်တွင် ပြည်သူများ စားဝတ်နေရေးအဆင်ပြေစေရန်အတွက် အခြေခံစားသောက်ကုန်များကို ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ရန်ရည်ရွယ်ကာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့်   မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ပူးပေါင်း၍ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့က ယနေ့နံနက်(၁၀:၀၀)နာရီတွင် မဟာဗန္ဓုလမ်းနှင့်(၂၆)လမ်းရှိ ဈေးထိပ်၌ စားသုံးသူပြည်သူများ လက်ဝယ်အရောက် သက်သာသောဈေးနှုန်းဖြင့် ဆန်၊ ဆီ၊ ကြက်ဥများကို သတ်မှတ်ဈေးနှုန်းများအတိုင်း ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ စားသောက်ကုန်များကို ရောင်းချရာတွင် ပြည်သူတစ်ဦးလျှင် ဆန်တစ်ပြည်(၁၆၀ဝ)ကျပ်နှုန်း၊ ဆီတစ်ပိဿာ(၄၇၀၀)၊ ကြက်ဥတစ်ဆယ်လုံးလျှင်(၁၇၅၀)ကျပ်နှုန်းဖြင့် နေ့စဉ်နံနက်(၁၀:၀၀)နာရီမှ (၁၂:၀၀)နာရီထိ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ရောင်းချရာတွင် ကိုဗစ်-၁၉ ရောဂါဆိုင်ရာညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်မှုရှိစေရန် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များက နေအိမ်ပြင်ပထွက်သည့်အခါတိုင်း ပါးစပ်နှာခေါင်းစည်းကို စနစ်တကျတပ်ဆင်သည့် အလေ့အကျင့်များ ဆက်လက်လိုက်နာကျင့်သုံးနိုင်ရေးအတွက် Mask Campaign လှုပ်ရှားမှုပြုလုပ်ပြီး နှာခေါင်းစည်းများကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိသည်။

ဒေါ်ဦးဆန်းကြည်